
ဘိုင်ယန်စတားရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ ကွန်ပနီ
ဒေါ့မွန်အသင်းကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ကစားသမားဘ၀ ဂိုး ၄၀၀ ပြည့်သွင်းယူနိုင်ခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှူး ကိန်းကို ကွန်ပနီက ချီးကျူးလိုက်ပါတယ်။
အင်္ဂလန်သားရဲ့ပြီးပြည့်စုံတဲ့ခေါင်းတိုက်ဂိုးက ဘိုင်ယန်ကို အခုရာသီဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲဆက်စေခဲ့တာဖြစ်ပါတယ်။ စနေနေ့ကပွဲမှာ ကိန်းဟာ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီး ကလပ်အသင်းကစားသမားဘ၀ ၄၀၀ မြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၂၂ မိနစ်မှာ ကိန်းက ခေါင်းတိုက်ကာ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကိုသွင်းယူနိုင်ခဲ့သလို လိဂ် ၁၂ ဂိုးမြောက်ဂိုးကိုလည်းသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ဂျူလီယန်ဘရန့်တ်က ချေပဂိုးပြန်မသွင်းခင် အိုလစ်ဆီက ဘိုင်ယန်အတွက် ဒုတိယမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ အခုနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ ၁၁ ပွဲဆက်နိုင်ပွဲစံချိန်ကို ရယူနိုင်ခဲ့ပြီး ယခင်တုန်းက တူချယ်လက်အောက်မှာ အဆိုပါစံချိန်ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။
အခုနိုင်ပွဲဟာ ကွန်ပနီလက်အောက်မှာ ဘိုင်ယန်အနေနဲ့ ပြည်တွင်းကော ဥရောပမှာပါ စွမ်းဆောင်ရည်ကောင်းပြသနေတယ်ဆိုတာကို ထင်ဟပ်စေပါတယ်။ ကိန်းကလည်း ဂျာမန်မြေကိုရောက်လာပြီးကတည်းက တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုပြသထားနိုင်ခဲ့ပြီး အခုရာသီမှာလည်း ဘိုင်ယန်အတွက် ပွဲတိုင်းကို ဂိုးသွင်းတာ ဒါမှမဟုတ် ဂိုးဖန်တီးတာမျိုးလုပ်ထားနိုင်ခဲ့ပါတယ်။
ကွန်ပနီကတော့ ကိန်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး “ဟယ်ရီက တိုးတက်ဖို့လိုအပ်နေဆဲပါ။ သူကျွန်တော်တို့အတွက် အများကြီးအကျိုးပြုထားနိုင်ခဲ့ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ပဲ အခုလိုမျိုးလုပ်နိုင်တာပါ။ ကိန်းကအခုဆို သူတို့လိုဂိုးသွင်းနိုင်တဲ့စိတ်မျိုးရှိနေပါပြီ။
ဒီနေ့မှာလည်း အသင်းက အကောင်းဆုံးလုပ်ဆောင်ခဲ့သလို အခုနိုင်ပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒီနေ့ညမှာ ကျွန်တော်တို့ ဘယ်သူကတိုက်စစ်လဲ ၊ ဘယ်သူကကွင်းလယ်တိုက်စစ်လဲ ၊ ဘယ်သူက ဖန်တီးရှင်လဲဆိုတာကို မသိနိုင်ပါဘူး။
အဲ့တာက ကျွန်တော်တို့တိုက်စစ်အတွက် ဘယ်လောက်လုပ်ဆောင်ထားလဲဆိုတာ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့အရာကိုလုပ်ဆောင်နေတာပါ။ ကိန်းအခုလိုမျိုးခေါင်းတိုက်တတ်အောင် ကျွန်တော်မသင်ပေးနိုင်ပါဘူး။ အချို့အရာတွေကို ခင်ဗျားအနေနဲ့ မသင်ပေးနိုင်ပါဘူး။ အဲ့တာက အဲ့နေရာကိုရောက်မှ အလိုလိုခံစားမိစေတာပါ။ ဒေါ့မွန်ကလည်း ပထမပိုင်းအပြီးမှာ ပြန်လာနိုင်ခဲ့ပါတယ်။ သူတို့နည်းလမ်းအတိုင်း ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့ဟန်ချက်ကို နှောက်ယှက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးမထိန်းချုပ်နိုင်ခဲ့ရင်တောင် သေချာလေးတော့ လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်ဟာ အခုနိုင်ပွဲကြောင့်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို လာမယ့်ကြားရက်မှာကန်မယ့် ချန်ပီယံလိဂ်ပွဲအတွက် အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။
ကိန်းအနေနဲ့လည်း အခုစွမ်းဆောင်ရည်ကိုဆက်ထိန်းပြီး ဘိုင်ယန်အတွက် စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနိုင်ဖို့ လိုအပ်နေပါတယ်။