ဂျာမန်လူငယ်ကြယ်ပွင့်ကင်းနက်အစ်ဟွန်းကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ လီဗာပူးအသင်းလည်း ပါဝင်လာ
ဂျာမန်လူငယ်အကျော်အမော်ကင်းနက်အစ်ဟွန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေကြတဲ့ ဥရောပထိပ်တန်းကလပ်အသင်းတွေအနက် လီဗာပူးလည်း နောက်ဆုံးပေါ်အဖြစ် ပါဝင်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့အစ်ဟွန်းဟာ ဟာသာဘာလင်အသင်းမှာ ပြိုင်ပွဲစုံ ၁၉ ပွဲအထိ ပါဝင်ကစားထားကာ နှစ်ဂိုးသွင်းယူထားပြီး အခုရာသီမှာ လူသိများထင်ရှားလာသူ ဖြစ်ပါတယ်။
သတင်းထောက်ဖလော်ရီယန်ပလက်တန်ဘတ်ရဲ့အဆိုအရ ဒီခံစစ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေထဲမှာ လီဗာပူးလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လီဗာပူးကအစ်ဟွန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ စတင်ဆွေးနွေးနေပြီလို့ သိရပေမဲ့ သူ့ကိုခေါ်ယူနိုင်ဖို့အတွက် အခြားအသင်းကြီးတွေနဲ့ အပြင်းအထန်ပြိုင်ဆိုင်သွားရနိုင်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ဘက်မန်စီးတီးအသင်းအပြင် ဂျာမန်ကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နဲ့ လေဗာကူဆင်အသင်းတို့ကလည်း ဒီလူငယ်ကစားသမားလေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။
အစ်ဟွန်းနဲ့ ဟာသာဘာလင်တို့ရဲ့လက်ရှိစာချုပ်ထဲမှာ ယူရို ၁၀ သန်းမှ ၁၂ သန်းခန့်တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး(release clause)လည်း ထည့်သွင်းထားပါတယ်။