The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရင်းကို ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားတစ်ယောက်အဖြစ် မြန်မြန်ဆန်ဆန်ပဲ ဖြစ်လာနေပါပြီ။

ပေါ်တူဂီကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရိုက်တန်နဲ့ပွဲမှာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန် (၂၁ ကြိမ်) ကို ချိုးဖျက်နိုင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း ယူနိုက်တက်က ခေါ်ယူခဲ့သမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးလို့တောင် ဆိုနိုင်ပါတယ်။

သူဟာ ၂၀၂၀ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းကနေ ရောက်ရှိလာကတည်းက အသင်းရဲ့ အတက်အကျ အခြေအနေမျိုးစုံမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို အသင်းကနေ ထွက်ခွာဖို့ ကမ်းလှမ်းချက်အများအပြားကိုလည်း ငြင်းပယ်ခဲ့သူပါ။

ပြီးခဲ့တဲ့ နွေရာသီကဆိုရင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက သူ့ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူဖို့ အဆင်သင့်ရှိခဲ့ပြီး သူသာ ပြောင်းရွှေ့ခဲ့ရင် သုံးနှစ်စာချုပ်အတွက် ပေါင်သန်း ၂၀၀ အထိ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ်က အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ အိပ်မက်တွေ မပြည့်ဝသေးဘူးလို့ အကြိမ်ကြိမ် ပြောကြားခဲ့ဖူးသလို Diary of a CEO နဲ့ အင်တာဗျူးမှာလည်း သူဟာ သစ္စာစောင့်သိမှုဆိုတဲ့ "တန်ဖိုးထားမှု" ကို သူ့ရဲ့ သားသမီးတွေဆီ လက်ဆင့်ကမ်းပေးချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ဇနီးက ဆုံးဖြတ်ချက်တွေမှာ အဓိကပါပဲ။ အခုခေတ်မှာ ကလေးနှစ်ယောက်နဲ့ ဟိုပြောင်းဒီရွှေ့ လုပ်ရတာက စဉ်းစားစရာတွေ အများကြီးရှိသလို ဒါဟာ ကိုယ့်ဇာတိမြို့မှာ အချမ်းသာဆုံးလူဖြစ်ဖို့ထက် ပိုအရေးကြီးပါတယ်" လို့ သူက ဆိုပါတယ်။

"ကျွန်တော့်ရဲ့ အိပ်မက်တွေအတိုင်း ရှင်သန်ချင်သလို ကလေးတွေအတွက် လိုအပ်တဲ့ တန်ဖိုးထားမှုတွေကိုလည်း လက်ဆင့်ကမ်းပေးချင်ပါတယ်။ ကျွန်တော် ဘာပဲလုပ်လုပ် မိသားစုက အမြဲတမ်း ပထမဦးစားပေးပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်ရဲ့ အိပ်မက်နောက်ကို လိုက်ပေးခဲ့ကြလို့ပါ" လို့ သူက ဆက်ပြောပါတယ်။

ဆုံးဖြတ်ချက်တိုင်းက ငွေကြေးအပေါ်မှာပဲ အခြေခံနေတဲ့ ဒီနေ့ခေတ်မှာ ဖာနန်ဒက်စ်ဟာ သစ္စာရှိမှုဆိုတာ တကယ်ရှိနေသေးကြောင်း သက်သေပြခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့အတူ နောက်ထပ် ဆုဖလားတွေ မရမချင်း သူ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။