The network connection is lost.

Banner Image

မိုဆာလက်မရှိတော့မယ့် အနာဂတ်အတွက် လီဗာပူးရဲ့ ပြင်ဆင်မှုနဲ့ ဦးစားပေးအပြောင်းအရွှေ့အစီအစဉ်များ ထွက်ပေါ်လာ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ မိုဆာလက်နဲ့ ရောဘတ်ဆန်တို့ရဲ့ လီဗာပူးကစားသမားဘ၀နောက်ဆုံးပွဲစဉ်ကို ကြည့်ရှုရင်း မျက်ရည်လည်ခဲ့ကြတဲ့ ပရိသတ်တွေ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

ရောဘတ်ဆန်ကတော့ လာမယ့်လ၊ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပေမဲ့ မိုဆာလက်ကတော့ မာဆေးဆိုဒ်မှာ ကိုးနှစ်ကြာကျင်လည်ပြီးနောက် ဘယ်အရပ်ဆီ ရှေ့ခရီးဆက်မလဲဆိုတာ မသေချာမရေရာသေးပါဘူး။

အသင်းရဲ့ဂန္ထဝင်ကစားသမားကြီးနှစ်ဦးထွက်ခွာဖို့ အတည်ပြုပြီးချိန် လီဗာပူးအသင်းက ဒီနွေရာသီမှာ သူတို့မရှိဘဲ ရှေ့ဆက်နိုင်ဖို့ ပြင်ဆင်မှုတွေ စတင်နေပြီး Sky Sports ကလည်း အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို ဖော်ပြလာပါတယ်။

လီဗာပူးက မိုဆာလက်ရဲ့နေရာမှာ သူ့လိုမျိုး အတိအကျစွမ်းဆောင်နိုင်သူမျိုး ရှာဖို့အတွက် မလွယ်ကူဘူးလို့ လက်ခံထားတာကြောင့် ဆာလက်နဲ့ ပုံစံတူအစားထိုးနိုင်မယ့်သူကို မရှာတော့ဘဲ တိုက်စစ်တစ်ခုလုံးကို ပုံစံသစ်နဲ့ ပြန်လည်ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ လီဗာပူးအသင်းက လူငယ်ကစားသမားယန်ဒီအိုမန်ဒီကို ညာတောင်ပံမှာကစားနိုင်သူအဖြစ် ပစ်မှတ်ထားနေသလို ဖရင်ပေါင်ရဲ့စွမ်းဆောင်ရည်တွေကိုလည်း သဘောကျနေပါတယ်။

ဒါကြောင့် ဒီနွေရာသီမှာ တောင်ပံကစားသမားတစ်ဦးနဲ့ ဗဟိုတိုက်စစ်မှူးတစ်ဦး အန်ဖီးလ်ဆီ ရောက်လာဖို့ မျှော်လင့်ရပါတယ်။ ခံစစ်ပိုင်းအတွက်ဆိုရင်လည်း ဗဟိုနောက်ခံလူ၊ ဘယ်နောက်ခံလူနဲ့ ကွင်းလယ်ခံစစ် (နံပါတ် ၆ နေရာ) ကစားသမားတွေက နည်းပြအန်းစလော့အတွက် ဦးစားပေးခေါ်ယူရမယ့်သူတွေ ဖြစ်ပါတယ်။