The network connection is lost.

Banner Image

ဘာစီလိုနာက အပြီးသတ်ခေါ်ယူဖို့ ပြန်လည်စဉ်းစားနေတာကြောင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် မရေမရာဖြစ်နေ

ဘာစီလိုနာအသင်းအနေနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူမယ့်အစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ ဖိအားပေးခံနေရတာကြောင့် သူရဲ့အနာဂတ်ဟာ အတော်လေးကို စိုးရိမ်စရာဖြစ်နေပြီလို့ သတင်းတွေက ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြ ဟန်ဆီဖလစ် လက်အောက်မှာ အစပိုင်းက အခြေအနေကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်လာရပြီး လာလီဂါ ၂၄ ပွဲမှာ ၁၄ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားတာပါ။

မန်ယူအသင်းဆီကနေ အငှားနဲ့ခေါ်ယူထားတဲ့ ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းပေးရင် အပြီးသတ်ဝယ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ ထည့်သွင်းထားတယ်လို့ လူသိများခဲ့ပါတယ်။

ဒါပေမဲ့ SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိအချိန်မှာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် လာလီဂါဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ အဲဒီဝယ်ယူခွင့်ကို အသုံးမပြုတော့ဖို့ များနေပါတယ်။

အဓိကပြဿနာက ပြောင်းရွှေ့ကြေးကြောင့်မဟုတ်ဘဲ ရက်ရှ်ဖို့ဒ် တောင်းဆိုနေတဲ့ မြင့်မားလွန်းတဲ့ လုပ်ခလစာကြောင့် ဖြစ်တယ်လို့လည်း အဆိုပါသတင်းက ဆိုပါတယ်။ ဒီလောက်များတဲ့ လစာကို ပေးလိုက်မယ်ဆိုရင် ဘာစီလိုနာအနေနဲ့ လာလီဂါရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလို ဖြစ်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။