ကတ်စ်မဲရိုးကို အယ်လ်နာဆာသို့ခေါ်ယူဖို့ ရော်နယ်ဒို စည်းရုံးနေ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်ကစားသမားဖြစ်သူ ကတ်စ်မဲရိုးဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ဖို့အတွက် ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဘရာဇီးလ်ကွင်းလယ်လူရဲ့ ၄ နှစ်သက်တမ်းရှိ စာချုပ်ထဲက နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ကို အသုံးမပြုဖို့ ဆုံးဖြတ်ထားပါတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းခွဲကို အသင်းရဲ့ တခြားနေရာတွေမှာ ပြန်လည်အသုံးချဖို့ စီစဉ်နေတာကြောင့် ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကတ်စ်မဲရိုးဟာ လာမယ့်လအနည်းငယ်အတွင်းမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အင်တာမိုင်ယာမီအပါအဝင် အခြားထိပ်တန်းအသင်းကြီးတွေနဲ့လည်း သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေပါတယ်။
လက်ရှိမှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းဖော်ဟောင်းကို ဆော်ဒီအာရေဗျက အယ်လ်နာဆာအသင်းရဲ့ ပရောဂျက်မှာ လာရောက်ပူးပေါင်းဖို့ စည်းရုံးနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဒီရာသီ ယူနိုက်တက်အတွက် ၃၀ ပွဲ ကစားထားရာမှာ ၇ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပေးထားနိုင်တဲ့ ဘရာဇီးလ်လက်ရွေးစင်ဟာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် အယ်လ်နာဆာဖြစ်စေ၊ အင်တာမိုင်ယာမီဖြစ်စေ ဘယ်အသင်းကိုမဆို အလွယ်တကူ ဝင်ဆံ့နိုင်သူ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ ဆော်ဒီပရိုလိဂ်အသင်းကို အဆင့်အတန်းတစ်ခုဆီ မြှင့်တင်ပေးဖို့နဲ့ ပထမဆုံး လိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် ကတ်စီမီရိုဟာ မရှိမဖြစ်လိုအပ်တဲ့သူလို့ ယူဆနေကြောင်း GB News က ဖော်ပြပါတယ်။
ဒါပေမဲ့လည်း The Mirror ရဲ့ ဖော်ပြချက်အရ ကတ်စ်မဲရိုးဟာ မကြာသေးခင်က မိုင်ယာမီကို မိသားစုနဲ့အတူ အားလပ်ရက်ခရီးထွက်ခဲ့တာကို အလွန်နှစ်သက်ခဲ့ပြီး အဲဒီမှာ နေထိုင်ချင်တယ်လို့ သူငယ်ချင်းတွေကို ပြောကြားထားကြောင်း သိရပါတယ်။ ဒါကြောင့် လာမယ့်လတွေအတွင်းမှာ MLS အသင်းဆီ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။