လီဝန်ဒေါစကီးကို ဘာစီလိုနာကစာချုပ်သစ်ကမ်းလှမ်းလိုက်တာကြောင့် ယူနိုက်တက်ကနေ အပြီးသတ်ထွက်ခွာရဖို့ မသေချာတော့တဲ့ ရက်ရှ်ဖို့ဒ်
မားကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့ မန်ချက်စတာယူနိုက်တက်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့မယ့်အစီအစဉ်ဟာ လက်ရှိမှာတော့ ရပ်တန့်နေတယ်လို့ သိရပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဟန်ဆီဖလစ်ခ်ရဲ့ အသင်းမှာ ပွဲထွက်ကစားသမားတစ်ဦးအဖြစ် နေရာရနေပြီး အခုလက်ရှိ စပိန်ချန်ပီယံအသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားနိုင်သူပါ။
ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ကြား ဆွေးနွေးမှုတွေ ဆက်ရှိနေပြီး ဘာစီလိုနာဘက်ကသာ သဘောတူညီချက်ကို အသက်သွင်းဖို့ ဆုံးဖြတ်လိုက်ရင် ဒီနွေရာသီမှာ ယူနိုက်တက်ကြယ်ပွင့်ကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရောဘတ်လီဝန်ဒေါစကီးက ဒီနွေရာသီကျော်တဲ့အထိ အသင်းမှာ ဆက်ရှိနေနိုင်တာကြောင့် ရပ်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့အတွက် အနှောင့်အယှက်တွေ ဖြစ်လာခဲ့ပါတယ်။
လီဝန်ဒေါစကီးရဲ့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၆ ဇွန်လကုန်အထိ ရှိနေတာပါ။ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘာစီလိုနာက သူ့ကို ဆက်ထိန်းထားဖို့ လမ်းဖွင့်ပေးထားပြီး စာချုပ်သစ်ပါ ကမ်းလှမ်းထားတယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။
အခု ၂၀၂၅-၂၆ ဘောလုံးရာသီမှာ လီဝန်ဒေါစကီးက ၃၇ ပွဲကစားပြီး ၁၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။ လာမယ့် ဩဂုတ်လမှာ အသက် ၃၈ နှစ် ပြည့်တော့မှာ ဖြစ်ပေမဲ့ နည်းပြဖလစ်ခ်ရဲ့ အသင်းမှာ သူဟာ အရေးပါတဲ့သူ ဖြစ်နေဆဲဆိုတာကို သက်သေပြနေတာပါ။
လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအနေနဲ့ ရာသီကုန်အထိ ဘာဆုံးဖြတ်ချက်မှ ချဦးမှာမဟုတ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။ ဒါဟာ ရပ်ရှ်ဖို့ဒ်အတွက် ပြဿနာဖြစ်လာနိုင်ပြီး ယူနိုက်တက်ဘက်ကလည်း တခြားကလပ်အသင်းတွေနဲ့ စတင်ဆွေးနွေးလာနိုင်ပါတယ်။
ဘာစီလိုနာဟာ ပေါင် ၂၆ သန်း ပေးချေဖို့ကိုလည်း အပြည့်အဝ ဆုံးဖြတ်ရသေးတာ မဟုတ်ပါဘူး။ အင်္ဂလန်ကြယ်ပွင့်အတွက် ယူနိုက်တက်သတ်မှတ်ထားတဲ့ ဈေးနှုန်းဟာ အလွန်နည်းပါးနေတာတောင်မှ ဘာစီလိုနာဘက်က အဲဒီဈေးထက် ပိုလျှော့ချနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။