The network connection is lost.

Banner Image

ရာသီသစ်သာ ပြန်စမယ်ဆိုရင် ယူနိုက်တက်က ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ အိုဝင် အခိုင်အမာပြော

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ၎င်းရဲ့အသင်းဟောင်းဟာ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ လက်အောက်မှာ ချန်ပီယံဆုကို မျှော်မှန်းနိုင်ခြေရှိတယ်လို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ရူဘင်အာမိုရင်ရင်ရဲ့နေရာမှာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ မိုက်ကယ်ကားရစ်လက်ထက်မှာ မန်စီးတီးနဲ့ အာဆင်နယ်လို အသင်းကြီးတွေကို အနိုင်ယူပြီး ၄ ပွဲဆက်တိုက် အနိုင်ရလဒ် ဖော်ဆောင်ထားနိုင်တာပါ။

အခုလို ၄ ပွဲဆက်တိုက် အနိုင်ရတာဟာ ယူနိုက်တက်အတွက် ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ အင်္ဂါနေ့ညမှာ ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲမှာသာ ထပ်မံအနိုင်ရမယ်ဆိုရင်တော့ ၅ ပွဲဆက်တိုက် အနိုင်ရလဒ် ဖြစ်လာမှာဖြစ်ပြီး ဒါဟာ အသင်းအတွက် မယုံနိုင်စရာကောင်းတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာမှာပါ။

အခုအခါမှာတော့ casino.org ရဲ့ UK သံတမန်အဖြစ် တာဝန်ယူထားတဲ့ အိုဝင်က GOAL သတင်းဌာနကို ပြောကြားရာမှာ တကယ်လို့သာ အမှတ်ပေးဇယားကို အခုမှ အသစ်ကနေ ပြန်စမယ်ဆိုရင် ကာရစ်ရဲ့ ယူနိုက်တက်ဟာ ချန်ပီယံဆုအတွက် ရေပန်းစားတဲ့ အသင်းတစ်သင်း ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

"အခုလက်ရှိ အသင်းရဲ့ ကစားပုံနဲ့ဆိုရင် ရာသီကုန်မှာ ဒုတိယ ဒါမှမဟုတ် တတိယနေရာအထိ ရောက်သွားနိုင်ပါတယ်။ တကယ်လို့သာ ရာသီသစ်က မနက်ဖြန်မှာ ပြန်စမယ်ဆိုရင် သူတို့ ချန်ပီယံဖြစ်ဖို့ တကယ့်ကို အခွင့်အရေးရှိတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ သူတို့ ကစားနေတဲ့ပုံစံ၊ လီဗာပူးနဲ့ စီးတီးတို့ရဲ့ အခြေအနေတွေအရ ကြည့်မယ်ဆိုရင်ပေါ့။ ယေဘုယျအားဖြင့်တော့ အသင်းတွေရဲ့ ဒီရာသီ ခြေစွမ်းတွေက သိပ်မကောင်းလှဘဲ အမှတ်နည်းနည်းလေးနဲ့ပဲ ချန်ပီယံဖြစ်သွားနိုင်တဲ့ အနေအထားမျိုးပါ။ သူတို့ အခုကစားနေတဲ့ ပုံစံအတိုင်းဆိုရင် ချန်ပီယံဆုကို မျှော်လင့်လို့ရနိုင်ပါတယ်" လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းကို အနိုင်ရပြီး ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်မယ်ဆိုရင်တော့ ကားရစ်အတွက် အမြဲတမ်းနည်းပြ ဖြစ်လာဖို့ အထောက်အကူပြုမှာပါ။ အသက် ၄၄ နှစ်အရွယ် ကွင်းလယ်လူဟောင်း ကာရစ်သာ နောက်ရာသီမှာ ဆက်ရှိနေမယ်ဆိုရင် ယူနိုက်တက်ကို ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ လူအများက စတင်ယုံကြည် အားပေးလာကြပါတယ်။