The network connection is lost.

Banner Image

လူငယ်ကြယ်ပွင့် မာဆိုလင်ကို အမြော်အမြင်ရှိရှိ ခေါ်ယူနိုင်ခဲ့တဲ့ အင်တာမီလန်ရဲ့ အပြောင်းအရွှေ့အပေါ် မိုဒီနာအကြီးအကဲ ချီးကျူး

အင်တာမီလန်အသင်းက စီးရီးဘီကလပ် မိုဒီနာအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ယာနစ် မာဆိုလင်ကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် မိုဒီနာအသင်းရဲ့ အားကစားဒါရိုက်တာ အန်ဒရီယာ ကတ်တယ်လာနီက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

လက်ရှိသဘောတူညီချက်အရ မိုဒီနာအသင်းဟာ မာဆိုလင်ကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ပြီး ဖြစ်ပေမဲ့ ကစားသမားကတော့ ဒီရာသီကုန်အထိ စီးရီးဘီကလပ် မိုဒီနာမှာပဲ အငှားနဲ့ ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ကတ်တယ်လာနီက စကိုင်းအီတလီနဲ့ အင်တာဗျူးမှာ "မာဆိုလင်ဟာ ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ။ သူက တောင့်တင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့အတူ ကောင်းမွန်တဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကိုပါ ပိုင်ဆိုင်ထားတာပါ" လို့ ပြောကြားခဲ့ပါတယ်။

သူဟာ ဘောလုံးကွင်းထဲမှာ တွေ့ရခဲတဲ့ ကစားသမားမျိုးဖြစ်ပြီး အင်တာမီလန်ရဲ့ အခုလို ရင်းနှီးမြှုပ်နှံမှုဟာ အင်မတန် အမြော်အမြင်ရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အခုလို အပြောင်းအရွှေ့ဟာ စီးရီးဘီလိဂ်အတွက်လည်း အရေးပါတဲ့ အမှတ်အသားတစ်ခုဖြစ်လို့ ကျေနပ်မိကြောင်း သူက ဖြည့်စွက်ပြောပါတယ်။

ကွင်းလယ်လူ မာဆိုလင်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး "သူက ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်ကို ဖြတ်သန်းဖို့ လိုအပ်နေသေးတဲ့ ကစားသမားပါ။ နည်းဗျူဟာပိုင်းအရ ကွင်းလယ်မှာ ကောင်းကောင်း ကစားနိုင်သလို တိုက်စစ်မှူးတွေရဲ့ နောက်က တိုက်စစ်ကွင်းလယ်လူအဖြစ်လည်း ကစားခဲ့ဖူးပါတယ်" လို့ ဆိုပါတယ်။

မာဆိုလင်ရဲ့ ကစားဟန်ဟာ ဂျိုးဆစ် အီလီဆစ်နဲ့ ဆင်တူပြီး ကွင်းအတွင်းနဲ့ ကွင်းပြင်ပမှာပါ အင်မတန် ထက်မြက်သူဖြစ်တာကြောင့် ဒါဟာ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ဖြစ်တယ်လို့လည်း ကတ်တယ်လာနီက သုံးသပ်ထားပါတယ်။

"ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။ လာမယ့်လတွေအတွင်း ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင် သူက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့လည်း မိုဒီနာ အားကစားဒါရိုက်တာက ဖွင့်ဟခဲ့ပါတယ်။