အင်တာမီလန် နောက်ခံလူဟောင်း နီကိုလတ်စ် ဂျီယာနီ အသက် ၃၉ နှစ်အရွယ်တွင် ကွယ်လွန်
အင်တာမီလန်၊ ခရီမိုနိစ်နှင့် စပဲလ်အသင်းတို့ရဲ့ ဗဟိုနောက်ခံလူဟောင်းဖြစ်သူ နီကိုလတ်စ် ဂျီယာနီဟာ ယမန်နေ့ညက ရောဂါကြောင့် အသက် ၃၉ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။
နီကိုလတ်စ် ဂျီယာနီဟာ ကုသ၍မရနိုင်တဲ့ ရောဂါဝေဒနာတစ်ခုကြောင့် လွန်ခဲ့တဲ့ ၄ နှစ်ခန့်က ဘောလုံးလောကမှ အနားယူခဲ့ရသူ ဖြစ်ပါတယ်။ လာမယ့်လမှာ အသက် ၄၀ ပြည့်တော့မယ့် နောက်ခံလူဟောင်းဟာ ဝေဒနာကို အပြင်းအထန် ခံစားခဲ့ရပြီးနောက် ယခုလိုပဲ စောစီးစွာ ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်ပါတယ်။
ဂျီယာနီ ကွယ်လွန်တဲ့ သတင်းကြောင့် ဘောလုံးလောကအတွင်း ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်နေပြီး အသင်းဟောင်းများကလည်း ဂုဏ်ပြုနှုတ်ဆက်စကားတွေ ပြောကြားခဲ့ကြပါတယ်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ၎င်းကို လူငယ်အဆင့်တွင် မြေတောင်မြှောက်ပေးခဲ့တဲ့ အင်တာမီလန်အသင်းက အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အင်တာမီလန်အသင်းက "ကျွန်တော်တို့ရဲ့ လူငယ်အဆင့်မှာ ကစားခဲ့တဲ့ နောက်ခံလူ နီကိုလတ်စ် ဂျီယာနီ ကွယ်လွန်သွားတဲ့အတွက် အထူးဝမ်းနည်းရပါတယ်။ အသင်းအနေနဲ့ ဂျီယာနီရဲ့ မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စပီဇီယာအသင်းကလည်း ဂျီယာနီ အခုလို စောစီးစွာ ကွယ်လွန်သွားရတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရကြောင်း ဆုတောင်းပေးခဲ့သလို၊ ဗီချန်ဇာအသင်းကလည်း အသင်းတစ်သင်းလုံးကိုယ်စား ဂျီယာနီရဲ့ မိသားစုထံ ဝမ်းနည်းစကား ပါးခဲ့ပါတယ်။
ဒါ့အပြင် ခရီမိုနိစ်အသင်းက "နီကိုလတ်စ်၊ ငြိမ်းချမ်းစွာ အနားယူပါတော့" လို့ လူမှုကွန်ရက်မှတစ်ဆင့် ရိုးရှင်းစွာဖြင့် ဂုဏ်ပြုနှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။
နီကိုလတ်စ် ဂျီယာနီဟာ ကစားသမားဘဝတစ်လျှောက် စုစုပေါင်း ၄၈၁ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၁၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂျီယာနီအနေနဲ့ စီးရီးအေလိဂ်ရဲ့ မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ခဲ့တဲ့ ဂန္ထဝင်နောက်ခံလူတစ်ဦးအဖြစ် ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲမှာ ကျန်ရစ်နေမှာဖြစ်ပါတယ်။