ဥရောပမှာ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အပြောင်းအရွှေ့စျေးကွက်အတွင်း တီထွင်ဆန်းသစ်မှုတွေ လိုအပ်ကြောင်း အင်တာမီလန်ဥက္ကဋ္ဌ မာရော့တာ ပြောကြား
အင်တာမီလန်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဘတ်ပီမာရော့တာက အသင်းအနေနဲ့ ဥရောပရဲ့ ထိပ်တန်းအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက် အပြောင်းအရွှေ့စျေးကွက်အတွင်း တီထွင်ဆန်းသစ်မှုတွေပိုမိုလိုအပ်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အီတလီရဲ့ အပြောင်းအရွှေ့စျေးကွက်ဟာ သိသိသာသာ ပြောင်းလဲသွားပြီဖြစ်ကြောင်း မာရော့တာက ထောက်ပြခဲ့တာပါ။
သူက ဒီအေဇတ်န်နဲ့ အင်တာဗျူးမှာ "ကျွန်တော်တို့ဟာ ကြီးမားတဲ့ ကျဆင်းမှုတစ်ခုထဲကို ရောက်ရှိနေတာပါ။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေတုန်းက ကစားသမားအရောင်းအဝယ်ဆိုတာ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်ဖို့အတွက်ပဲ အသုံးချခဲ့တာဖြစ်ပေမဲ့ ဒီနေ့ခေတ်မှာတော့ ဘဏ္ဍာရေးကဏ္ဍတွေမှာ အမြတ်အစွန်းပြနိုင်ဖို့က အဓိကအချက် ဖြစ်လာပါတယ်" လို့ ဆိုပါတယ်။
အီတလီနိုင်ငံရဲ့ အပြောင်းအရွှေ့စျေးကွက်ဟာ လက်ရှိမှာ အရှုံးအမြတ် မျှခြေဖြစ်အောင်ပဲ အားထုတ်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။
ကိုမို နဲ့ ဖီအိုရင်တီးနား အသင်းတွေကလွဲရင် ကျန်တဲ့အသင်းတွေဟာ အသုံးစရိတ်ပိုင်းမှာ တော်တော်လေးကို သတိထား ချွေတာနေကြတာကို တွေ့ရပါတယ်။
ဒါကြောင့် ရှယ်ယာရှင်တွေဆီက ဘဏ္ဍာရေးထောက်ပံ့မှုကိုပဲ အားကိုးနေမယ့်အစား မန်နေဂျာတွေရဲ့ အမြော်အမြင်၊ စိတ်ကူးစိတ်သန်း၊ တီထွင်ဖန်တီးမှုနဲ့ ကျွမ်းကျင်မှုတွေကို ပိုမိုနေရာပေး အသုံးချဖို့ လိုအပ်လာပြီလို့ မာရော့တာက ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့ ဘဏ္ဍာရေးနောက်ခံရှင်ဖြစ်တဲ့ အုတ်ခ်ထရီး အနေနဲ့ လေ့ကျင့်ရေးကွင်းအသစ်အတွက် ရင်းနှီးမြှုပ်နှံပေးခဲ့တာကိုလည်း ဥက္ကဋ္ဌဖြစ်သူက ချီးကျူးစကား ဆိုခဲ့ပါတယ်။
"ဥရောပက အားကစားကွင်းတွေကို သေချာလေ့လာကြည့်တဲ့အခါ အီတလီမှာ လေ့ကျင့်ရေးကွင်းငယ်တွေ အားနည်းနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ ခေတ်မမီတော့တဲ့ အဆောက်အဦ နှစ်ခုရှိခဲ့ပေမဲ့ အုတ်ခ်ထရီးရဲ့ အမြော်အမြင်ရှိမှုကြောင့် ကျွန်တော်တို့ တောင်းဆိုတဲ့အတိုင်း ယူရို သန်း ၁၀၀ ရင်းနှီးမြှုပ်နှံပြီး မြေအသစ်တွေကို ဝယ်ယူနိုင်ခဲ့တာပါ" လို့ သူက ရှင်းပြခဲ့ပါတယ်။
အားကစား အဆောက်အဦတွေဟာ လူငယ်ကစားသမားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးနိုင်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း မာရော့တာက အလေးပေး ပြောကြားခဲ့တာပါ။
"တကယ်လို့ ခင်ဗျားအနေနဲ့ အာလူးစိုက်ခင်းလို ညံ့ဖျင်းတဲ့ ကွင်းထဲမှာ ကစားနေရမယ်ဆိုရင် နည်းပြရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့တောင် ခက်ခဲနေပါလိမ့်မယ်" လို့လည်း သူက ခိုင်းနှိုင်းပြောဆိုသွားခဲ့ပါတယ်။