ပေါ့ဂ်ဘာကို အလွတ်နဲ့ခေါ်ပြီး ယူရို ၁၁၅ သန်းနဲ့ ပြန်ရောင်းနိုင်ခဲ့ခြင်းက သူ့ဘဝရဲ့ အကောင်းဆုံးအပြောင်းအရွှေ့ဖြစ်တယ်လို့ မာရော့တာ ဖွင့်ဟ
အင်တာမီလန်အသင်းဥက္ကဋ္ဌ ဘတ်ပီမာရော့တာက ပေါလ်ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်အသင်းဆီ ခေါ်ယူပြီး မန်ချက်စတာယူနိုက်တက်ထံ ယူရို ၁၁၅ သန်းနဲ့ ပြန်ရောင်းနိုင်ခဲ့တာဟာ သူ့ရဲ့ ကစားသမားအပြောင်းအရွှေ့သက်တမ်းတစ်လျှောက် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ အပြောင်းအရွှေ့ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မာရော့တာဟာ လက်ရှိမှာ အေအက်စ်မိုနာကိုအသင်းနဲ့အတူရှိနေတဲ့ ပေါ့ဂ်ဘာကို မန်ချက်စတာယူနိုက်တက် စီနီယာအသင်းမှာ စတင်ခြေစွမ်းပြခါစ လူငယ်ကစားသမားဘဝမှာတင် အသင်းကနေခွဲထွက်လာအောင် စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး မာရော့တာက ဒီအေဇက်အင်နဲ့ အင်တာဗျူးမှာ "ကျွန်တော့်ရဲ့သမိုင်းဝင်အပြောင်းအရွှေ့ကတော့ ပေါ့ဂ်ဘာပါပဲ။ ဂျူဗင်တပ်စ်အသင်း ဝန်ထမ်းတွေရဲ့အကူအညီနဲ့ သူ့ကို မန်ချက်စတာယူနိုက်တက်ဆီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ဒါ့အပြင် သူက "အဲဒီနောက် ၂ နှစ်၊ ၃ နှစ်အကြာမှာတော့ မန်ချက်စတာယူနိုက်တက်ဆီကိုပဲ ယူရို ၁၁၅ သန်းနဲ့ မမျှော်လင့်ဘဲ ပြန်လည်ရောင်းချနိုင်ခဲ့ပါတယ်။ အခုတော့ သူတို့ရဲ့ စီမံခန့်ခွဲမှုတွေက ပြောင်းလဲသွားခဲ့ပါပြီ။ ဒါပေမဲ့ ကျနော့်အတွက်တော့ ဒါဟာ ထူးခြားဆန်းသစ်ပြီး နောက်တစ်ကြိမ် ထပ်ဖြစ်လာဖို့မလွယ်တဲ့ အပေးအယူတစ်ခုပါပဲ" လို့ ဆိုပါတယ်။
ဒီခေါ်ယူမှုဟာ ကမ္ဘာ့အကောင်းဆုံး အေးဂျင့်တစ်ဦးဖြစ်တဲ့ မီနိုရိုင်ယိုလာရဲ့ လိမ္မာပါးနပ်မှုနဲ့ သံတမန်ဆန်ဆန် စည်းရုံးနိုင်မှုတွေကြောင့် အောင်မြင်ခဲ့တာဖြစ်ပြီး အသင်းလိုက်စုပေါင်းလုပ်ဆောင်ခဲ့ကြတာကြောင့် လွယ်ကူသယောင် ထင်ရခဲ့တာဖြစ်တယ်လို့လည်း မာရော့တာက ရှင်းပြခဲ့ပါတယ်။
မာရော့တာဟာ အရင်က ဗင်နီးရှားအသင်းမှာရှိစဉ်တုန်းကလည်း ဂိုးသမား မာစီမိုတိုင်ဘီကို မန်ချက်စတာယူနိုက်တက်ဆီ ရောင်းချခဲ့ဖူးတာကိုလည်း အမှတ်ရနေဆဲဖြစ်ပါတယ်။
သူက ဆက်လက်ပြီး "အဲဒီအချိန်တုန်းက မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ကျွန်တော်နဲ့လည်း ရင်းနှီးကျွမ်းဝင်မှုရှိခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်လို ပုဂ္ဂိုလ်ကြီးတွေ ဘောလုံးလောကမှာ မရှိတော့တာကိုတော့ နှမြောမိပါတယ်" လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။