The network connection is lost.

Banner Image

ဂိုးသွင်းယူဖို့ပဲ အာရုံစိုက်ထားဖို့ ဟာရီကိန်းဆီ အကြံပြုလိုက်တဲ့ ဘိုင်နယ်မြူးနစ်နည်းပြဟောင်းဖီးလစ်မာဂတ်ချ်

ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဖီးလစ်မားဂတ်ချ်က တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ ကွင်းတွင်းတာဝန်ယူမှုတွေနဲ့ပတ်သက်လို့ ဝေဖန်အကြံပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ဘိုင်ယန်မြူးနစ်က ဟမ်းဘတ်နဲ့ရင်ဆိုင်ရချိန် နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ပြီး နောက်ဆုံးလိဂ်နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။

အခုဆိုရင် နည်းပြကွန်ပနီရဲ့အသင်းဟာ လိဂ်နှစ်ပွဲဆက်ရမှတ်လျော့ကျခဲ့ပြီး ခြေစွမ်းပိုင်းလည်း အနည်းငယ် ကျဆင်းနေတာကို တွေ့ရပါတယ်။

ဟမ်းဘတ်နဲ့ရင်ဆိုင်ရချိန် ဟယ်ရီကိန်းက အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြီး ဒီနှစ်ဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၃၂ ပွဲမှာ ၃၆ ဂိုးသွင်းယူထားနိုင်တဲ့ စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။မားဂတ်ချ်ကတော့ ဟယ်ရီကိန်းကို ခံစစ်ပိုင်းအတွက် အကူအညီပေးနေခြင်းထက် ဂိုးသွင်းယူဖို့ကိုပဲ အာရုံစိုက်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။

မားဂတ်ချ်က “ကျွန်တော်ကတော့ ကစားသမားတွေကို သူတို့ရဲ့ အားသာချက်တွေအတိုင်းပဲ အသုံးချလေ့ရှိပါတယ်။ ဟယ်ရီကိန်းက ဂိုးတွေ အများကြီးသွင်းနိုင်တဲ့သူပါ။ ဟယ်ရီကိန်းက ခံစစ်ပိုင်းအထိ ဆင်းပြီး ကူညီပေးနေတာကို အားလုံးချီးကျူးနေကြပေမဲ့ တကယ်တော့ ဒါဟာ သူ့ရဲ့အလုပ် မဟုတ်ပါဘူး။ကွင်းလယ်(သို့မဟုတ်)ခံစစ်ဇုန်မှာ ပြေးလွှားနေမယ့်အစား တိုက်စစ်ဇုန်မှာ ဟယ်ရီကိန်းပြေးလွှားနေမယ်ဆိုရင် အသင်းအတွက် ပိုပြီးအကျိုးရှိစေပါလိမ့်မယ်"လို့ ပြောပါတယ်။ဘိုင်ယန်မြူးနစ်ရဲ့လတ်တလောရုန်းကန်နေရမှုအပေါ် မားဂတ်ချ်က “ အမှတ်ပေးဇယားထိပ်မှာ ပြိုင်ဘက်မရှိ တစ်ဦးတည်းအသာစီးရနေချိန်တိုင်း အသင်းတွေက ပေါ့ဆသွားတတ်ကြပါတယ်။ ဒါဟာ အသင်းတစ်ခုအတွက် ဘယ်တော့မှ မကောင်းပါဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအစ လိဂ်ပွဲစဉ် ၁၈ ပွဲဆက် ရှုံးပွဲမရှိဖြတ်သန်းခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနို်ငဖို့ ရေပန်းစားနေပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အသင်းရဲ့အားနည်းချက်တွေဟာ သိသိသာသာထွက်ပေါ်လာနေလို့ ကွန်ပနီကိုယ်တိုင် ဟယ်ရီကိန်းရဲ့ကွင်းတွင်းလုပ်ဆောင်ချက်တွေကို ပြန်လည်ထိန်းညှိသွားရဖွယ် ရှိပါတယ်။