အူပါမီကာနို၏အေးဂျင့်များနှင့်ဆွေးနွေးမှုတွင် ဘိုင်ယန်မြူးနစ်အသာစီးရခဲ့ပြီး လက်မှတ်ထိုးကြေးလျှော့ချနိုင်ခဲ့
ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ ဗဟိုနောက်ခံလူအူပါမီကာနိုရဲ့အေးဂျင့်တွေနဲ့ ပြုလုပ်ခဲ့တဲ့ စာချုပ်သစ်ဆွေးနွေးပွဲမှာ အသာစီးရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
Tzသတင်းဌာနရဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ မာနိုဘွန့်ခ်၊ ဖိလစ်ကတ်စလာနဲ့ ဟန်နာရိုက်ဖ်တို့ရဲ့ ဖော်ပြချက်အရ အူပါမီကာနိုရဲ့ အေးဂျင့်တွေဟာ အသင်းနဲ့ ဆွေးနွေးမှုမှာ သူတို့အလိုရှိတဲ့ အချက်အလက်အချို့ကို အလျှော့ပေးခဲ့ရတာ ဖြစ်ပါတယ်။
အူပါမီကာနိုရဲ့ အေးဂျင့်အဖွဲ့က ကစားသမားအတွက် လက်မှတ်ထိုးကြေးအဖြစ် ယူရို သန်း ၂၀ ကို တစ်လုံးတစ်ခဲတည်း ပေးချေဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုအတိုင်း ယူရို ၁၆ သန်းဝန်းကျင်ကိုသာ လက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါတင်မကသေးဘဲ အဆိုပါလက်မှတ်ထိုးကြေးကို တလုံးတခဲတည်းအပြည့်အ၀ပေးချေမှာမဟုတ်ဘဲ ကစားသမားရဲ့လေးနှစ်ကြာစာချုပ်သက်တမ်းတလျှောက် အရစ်ကျခွဲဝေပေးချေသွားမှာ ဖြစ်ပါတယ်။
ကစားသမားရဲ့ တစ်နှစ်လစာ ယူရို သန်း ၂၀ ဝန်းကျင်ကတော့ ပြောင်းလဲမှုမရှိဘဲ အတည်ဖြစ်နေပေမဲ့ လက်မှတ်ထိုးကြေးကိစ္စမှာတော့ အေးဂျင့်တွေဘက်က အရှုံးပေးလိုက်ရတာလို့ ဆိုနိုင်ပါတယ်။
အကယ်၍ ကစားသမားက စာချုပ်ဖျက်သိမ်းကြေးကို အသုံးပြုပြီး အသင်းပြောင်းရွှေ့ခဲ့မယ်ဆိုရင် ကျန်ရှိနေတဲ့ လက်မှတ်ထိုးကြေး ပေးချေမှုတွေက ပျက်ပြယ်သွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အချက် ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီဆွေးနွေးမှုမှာ အနိုင်ရသူဖြစ်ခဲ့ပြီး အားလုံးက စိတ်ဝင်စားနေကြတဲ့ စာချုပ်ဖျက်သိမ်းကြေးပမာဏနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပရိသတ်တွေက စိတ်အားထက်သန်စွာ ဆက်လက်စောင့်ဆိုင်းနေကြပါတယ်။