လူငယ်နောက်ခံလူဗူကိုဗစ်ကို ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ ရာကီတစ် တိုက်တွန်း
ခရိုအေးရှားဂန္ထဝင်ကစားသမားနဲ့ ရှော်လ်ကေးကြယ်ပွင့်ဟောင်းရာကီတစ်က မျိုးဆက်သစ်လူငယ်ကစားသမားဗူကိုဗစ်အနေနဲ့ ဂျာမန်ကလပ်ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။
လက်ရှိမှာ ဥရောပတစ်ဝှမ်းလုံးက ဗူကိုဗစ်အကြောင်းကို ပြောဆိုနေကြပြီး ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ တော့တင်ဟမ်မှ ဟမ်းဘတ်ဆီ အငှားလာရောက်ကစားနေသူကို အရခေါ်ယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားသင့်တယ်လို့ ရာကီတစ်က ဆိုပါတယ်။
"ဒီကောင်လေးက ဘိုင်ယန်ကို သွားရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေအနက် တစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းအားလုံး ပိုင်ဆိုင်ထားပါတယ်။ သူ့ကို လာမယ့်နွေရာသီကာလနောက်ပိုင်းအထိ တော့တင်ဟမ်အသင်းဆက်ထိန်းထားနိုင်မလားဆိုတာ ကျွန်တော် စိတ်ဝင်စားမိပါတယ်။ကျွန်တော့်အမြင်အရ ဗူကိုဗစ်ဟာ ဥရောပထိပ်သီးကလပ်အသင်းတွေမှာ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဗူကိုဗစ်နဲ့သင့်လျော်တဲ့ ဥရောပထိပ်တန်းကလပ်အသင်း လေးငါးခုလောက် ရှိပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗူကိုဗစ်ဟာ ပြီးခဲ့တဲ့ ဟမ်းဘတ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့သလို အခုဘောလုံးရာသီအတွက် သူ့ရဲ့ စတုတ္ထမြောက်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။