ဂါနာဘရီကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ ဘိုင်ယန်မြူးနစ်
မကြာသေးမီရက်ပိုင်းအတွင်း အူပါမီကာနိုရဲ့စာချုပ်သက်တမ်းတိုးမြှင့်မှုသတင်းတွေ အကြီးအကျယ်ထွက်ပေါ်လာပြီးနောက် ဘိုင်ယန်မြူးနစ်က အသင်းရဲ့အဓိကကစားသမားတွေကို ကာလရှည်ထိန်းသိမ်းထားနိုင်ဖို့ ဆန္ဒရှိလာပုံရပါတယ်။
Sky Sports သတင်းထောက်ပလက်တန်ဘတ်ချ်ရဲ့အဆိုအရ ဂါနာဘရီဟာ ဂျာမန်ချန်ပီယံတွေနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမယ့်စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ တောင်ပံကစားသမားရဲ့လက်ရှိစာချုပ်က လာမယ့်ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေပါတယ်။
၂၀၁၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ဆီပူးပေါင်းလာတဲ့ အသက်-၃၀ နှစ်အရွယ်ကစားသမားက ကလပ်အသင်းအတွက် ပြိုင်ပွဲစုံပွဲ ၂၀၀ ကျော်ပါဝင်ကစားကာ ၇၆ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒီရာသီမှာလည်း ဂါနာဘရီက ဘွန်ဒက်စ်လီဂါ ၁၅ ပွဲအထိ ပါဝင်ကစားထားပြီး ခြောက်ဂိုးသွင်း၊ ဂိုးဖန်တီးမှုမှု သုံးကြိမ် ပြုလုပ်ထားပါတယ်။