The network connection is lost.

Banner Image

လီဗာပူးရဲ့အခုဘောလုံးရာသီကို စဉ်ဆက်မပြတ်ရုန်းကန်နေရမှုအဖြစ် ပုံဖော်လိုက်တဲ့ အန်းစလော့

အန်းစလော့က လီဗာပူးရဲ့အခုဘောလုံးရာသီကို စဉ်ဆက်မပြတ်ရုန်းကန်နေရမှုအဖြစ် ပုံဖော်လိုက်ပြီး အခုရောက်ရှိနေတဲ့အမှတ်ပေးဇယားရပ်တည်မှုအဆင့်ကိုလည်း သူတို့ရဲ့ဘောလုံးရာသီအတွက် မျှတတဲ့ရောင်ပြန်ဟပ်မှုတစ်ခုလို့ ယုံကြည်နေပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံတွေက လွန်ခဲ့တဲ့ကြာသပတေးနေ့၊ အန်ဖီးလ်မှာ လိဒ်နဲ့ဂိုးမရှိသရေကျပြီး နောက်ဆုံးရှစ်ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပေမယ့် ကွင်းတွင်းမှာတော့ ဒန်နီရယ်ဖာကီရဲ့အသင်းကို မကျော်ဖြတ်နိုင်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အသံတွေ ထွက်ပေါ်ခဲ့ပါတယ်။
လီဗာပူးက အမှတ်ပေးဇယားစတုတ္ထနေရာမှာ ရှိနေပြီး ထိပ်ဆုံးသုံးသင်းဖြစ်တဲ့ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ မန်စီးတီးတို့နဲ့ အမှတ်ကွာဟမှု ကြီးမားနေပါတယ်။
အန်းစလော့က “ လက်တွေ့ကျကျပြောရရင် အသင်းနှစ်ခု(အာဆင်နယ်နဲ့ မန်စီးတီး)ပဲ ရှိတယ်လို့ ထင်ပါတယ်။ ဗီလာကတော့ သူတို့နဲ့ အနီးစပ်ဆုံးအနေအထားမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီလာနဲ့ရင်ဆိုင်ရချိန် အာဆင်နယ်က ကွာဟချက်အနည်းငယ်ရှိတယ်ဆိုတာကို ဖန်တီးပြခဲ့လို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အဲ့ဒီအသင်းနှစ်ခုက ကျွန်တော်တို့နဲ့ အတော်လေးဝေးကွာတဲ့အဆင့်အတန်းမျိုးမှာ ရှိနေပါတယ်။ အခုအချိန်မျိုးမှာ ကျွန်တော်တို့က ဒီအသင်းနှစ်ခုကို လိုက်မီဖို့ မမျှော်လင့်သင့်ပါဘူး။
အခုကာလတလျှောက်လုံး ကျွန်တော်တို့တွေ ရုန်းကန်ခဲ့ရပါတယ်။ ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး ဘောလုံးရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် ပွဲတွင်းအခြေအနေတွေမှာတော့ သိပ်မကွာဟလှပါဘူး။ အဲ့ဒီနောက်ပိုင်းမှာ ပွဲတွင်းအခြေအနေသိပ်မကွာလှတဲ့ပွဲစဉ်တွေနဲ့ ရင်ဆိုင်ရပြီး ဆက်တိုက်ဆိုသလို ကံမကောင်းခဲ့ပါဘူး။ အခုတော့ ခုနစ်ပွဲ၊ ရှစ်ပွဲဆက်လောက် ရှုံးပွဲမရှိပါဘူး။ ဒါကို လိဂ်မှာ ထိပ်တန်းအဆင့်ဆီရောက်ရှိနေပြီလို့ ခံစားမိတယ်ဆိုရင် ကျွန်တော်တို့လုပ်နေတဲ့အရာနဲ့ ထပ်တူမကျပါဘူး။
ကျွန်တော်တို့ကစားခဲ့တဲ့ပွဲစဉ်တိုင်း ခက်ခဲခဲ့သလို အသင်းနှစ်ခုကြားမှာလည်း ကွာဟချက်ကျဉ်းမြောင်းပါတယ်။ အသင်းနှစ်ခုအကြား ပိုကောင်းတဲ့အဓိကအသင်းလို့ ယူဆနိုင်ပေမယ့် လုံလောက်တဲ့ကောင်းမွန်မှုမျိုးလည်း မရှိနေပါဘူး။
ကျွန်တော်တို့နဲ့ ပြိုင်ဘက်တွေအကြားမှာ ကွာဟမှုက ၂၀ ရာခိုင်နှုန်းလောက်ပဲ အမြဲတမ်းရှိပါတယ်။ ဒီလို ၂၀ ရာခိုင်နှုန်းကွာဟမှုအတွင်းမှာပဲရှိတယ်ဆိုရင် ရလဒ်ပိုင်းအတွက် အဓိပ္ပါယ်အများကြီးရှိမနေစေပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဆက်ကြိုးစားသွားမှာဖြစ်သလို ကစားသမားတွေကလည်း ဒီ ၂၀ ရာခိုင်နှုန်းကွာဟချက်ထက် ပိုမိုမြင့်မားတဲ့အခြေအနေတစ်ခုဆီ ရောက်ရှိသွားအောင် ကြိုးစားပြီး ကွာခြားချက်ပိုမိုကြီးမားအောင် လုပ်သွားနိုင်ပါလိမ့်မယ်။ အခုရာသီအတွင်းမှာ အမြင့်ပျံသန်းနိုင်မယ့် အခိုက်အတန့်တစ်ခုကို ရှာဖွေသွားနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒါပေမဲ့ ပထမရာသီဝက် ၁၉ ပွဲအတွက်ဆိုရင် စဉ်ဆက်မပြတ်ရုန်းကန်နေရမှုတစ်ခုသာဖြစ်ခဲ့ပြီး ပြိုင်ဘက်တွေနဲ့ ကွာခြားမှုသိပ်မရှိဘဲ တခါတလေမှာ ကံဆိုးခဲ့သလို တခါတလေမှာတော့ ကံကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။
ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ကိုးပွဲအထိ အရေးနိမ့်ခဲ့တဲ့ ဆိုးဆိုးရွားရွားကာလတစ်ခုအပြီး အန်းစလော့က လတ်တလောသီတင်းပတ်တွေအတွင်း သူ့အသင်းကို အနိုင်ယူဖို့ပိုမိုခက်ခဲစေမယ့်ပုံစံတစ်ခုဆီ သွပ်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုပုံစံကြောင့်ပဲ အသင်းရဲ့တိုက်စစ်ပိုင်းခြိမ်းခြောက်နိုင်စွမ်း ထိခိုက်သွားပြီး ပရိသတ်တွေအကြား ရေပန်စားမှုလျော့ကျလာခဲ့ပါတယ်။
အန်းစလော့က “ ကျွန်တော်တို့က ပြိုင်ဘက်အတွက် အခွင့်အရေးတွေ သိပ်မပေးတော့ဘူးဆိုတာ သိသာပါတယ်။ ဒီအချိန်မှာတော့ ပြီးခဲ့တဲ့ခုနစ်ပွဲ၊ ရှစ်ပွဲဆက် ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ပြီး ကျွန်တော့်အတွက်ဆိုရင် ဘောလုံးပိုင်ဆိုင်မှုအားလုံးမှာ အခွင့်အရေးတွေ လုံလုံလောက်လောက်ဖန်တီးဖို့ အတော်လေးခက်ခဲတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိမြင်ပါတယ်။ ဒါက အခုဘောလုံးရာသီ၊ ကျွန်တော်တို့အတွက်ဆိုရင် အသစ်အဆန်းမဟုတ်တော့ပါဘူး။
ကစာသမားတွေကိုယ်တိုင်လည်း ကြိုးစားနေဆဲပါ။ တောင်ပံကစားသမားတွေဆီ သူတို့တွေ ဘောလုံးယူလာတယ်၊ အတွင်းပိုင်းမှာလည်း ပြေးလွှားကစားတယ်၊ သူတို့တွေ တက်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ တခါတရံ အလွတ်တည်ကန်ဘောတစ်ခု (သို့မဟုတ်) ပွဲစဉ်တစ်ခုကို အပြောင်းအလဲဖြစ်သွားစေဖို့ဆိုရင် မှော်ဆန်မှုတစ်ခု လိုအပ်ပါတယ်။ ဒါမျိုးသာဖြစ်လာမယ်ဆိုရင် အရာအားလုံး ရုတ်တရက်ကောင်းမွန်သွားနိုင်ပေမယ့် အခုအချိန်ထိတော့ ကျွန်တော်တို့အတွက် မဖြစ်လာသေးပါဘူး”လို့ ဆိုပါတယ်။
လီဗာပူးအသင်းရဲ့ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုမှာ မျှတမှုရှိသလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “ မှန်ပါတယ်၊ မျှတပါတယ်။ ကွာဟချက်နည်းပါးပေမယ့် မျှတမှုရှိပါတယ်။
ဒါကြောင့် ကျွန်တော်တို့သာ လေးငါးခြောက်မှတ်လောက် ပိုရရှိထားမယ်ဆိုရင် ကွာဟချက်ကို ပိုကြီးမားသွားစေပါမယ်။ ဒီနေ့လိုမျိုးပဲ အခြားပွဲစဉ်တွေမှာ အလွတ်တည်ကန်ဘောအပိုင်းကို ပိုကောင်းမွန်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ငါးမှတ်၊ ခြောက်မှတ်၊ ခုနစ်မှတ်လောက်သာ ပိုရရှိထားမယ်ဆိုရင် ဒါက အနည်းငယ်ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ ကစားကွက်တည်ဆောက်မှုအပိုင်းမှာ ကျွန်တော်တို့အသင်းကို အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ယှဉ်လိုက်မယ်ဆိုရင် သူတို့အထက်မှာ ရှိမနေဘူးဆိုတာလည်း မျှတတဲ့အမြင် ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က သူတို့နဲ့ အမှတ်တွေအများကြီးကွာဟသွားတာပါ။ ဒီအရာတွေအတွက် အကြောင်းပြချက်များစွာရှိပြီး ကျွန်တော် ရှင်းပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ကစားခဲ့တဲ့ပုံစံအတွက် သူတို့အထက်မှာ ကျွန်တော်တို့ရှိနေတယ်လို့ ပြောမယ်ဆိုရင် မျှတမှုမရှိပါဘူး”လို့ ရှင်းလင်းဖြေကြားပါတယ်။