ယူနိုက်တက်သို့ပြန်လာခွင့်ရမယ်ဆို ဘာမဆိုသဘောတူညီဖို့အဆင်သင့်ရှိနေတဲ့ ဆိုးလ်ရှား
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားက သူ့အနေနဲ့ အသင်းဆီ နည်းပြသစ်အနေနဲ့ ပြန်လာခွင့်ရမယ်ဆိုပါက ဘယ်လိုသဘောတူညီချက်မျိုးမဆို လက်ခံဖို့အဆင်သင့်ရှိနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ရူဘင်အာမိုရင်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ယူနိုက်တက်ဟာ အသင်းရဲ့ ယူ-၁၈ နည်းပြ ဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခွင့်ပြုထားပေမယ့် တစ်ချိန်တည်းမှာပဲ ရာသီကုန်အထိ အသင်းကိုဦးဆောင်သွားမယ့် အတွေ့အကြုံရင့်နည်းပြတစ်ဦးကိုလည်း ရှာဖွေနေဆဲဖြစ်ပါတယ်။
ယခုအခါမှာ နာမည်ကျော်အားကစားသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ နည်းပြဟောင်း ဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ်သို့ တဖန်ပြန်လည်ခြေချဖို့ ဆန္ဒပြင်းပြနေပြီး ယူနိုက်တက်ဘက်ကတောင်းဆိုလာမယ့် ဘယ်လိုသဘောတူညီချက်မျိုးမဆို လက်ခံဖို့အသင့်ရှိနေတယ်လို့သိရပါတယ်။
ဆိုးလ်ရှားရဲ့သဘောထားနဲ့ပတ်သက်ပြီး ရိုမာနိုက "ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ကိုပြန်လာနိုင်မယ့်အခွင့်အရေးရလာခဲ့ရင် လက်လွှတ်ခံသွားမှာမဟုတ်ပါဘူး။ သူ့အနေနဲ့ လုပ်ခလစာဘယ်လောက်ရမလဲ၊ ဘာရာထူးလဲ၊ စာချုပ်သက်တမ်းက ဘယ်လောက်လဲဆိုတာတွေ လုံးဝ ဂရုမစိုက်ပါဘူး။ အသင်းအခက်အခဲကြုံနေရချိန် သူတတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးဖို့ အဓိကစဉ်းစားနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆိုးလ်ရှားအနေနဲ့ သူဟာ ယူနိုက်တက်သို့ပြန်လာဖို့ အဆင်သင့်ရှိနေကြောင်း အသင်းနဲ့နီးစပ်သူတွေထံ အသိပေးအကြောင်းကြားထားတယ်လို့ သတင်းတွေထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။ ရိုမာနိုရဲ့အဆိုအရ ယူနိုက်တက်ရဲ့ရေဒါထဲမှာ ကစားသမားဟောင်း မိုက်ကယ်ကာရစ်လည်းရှိနေပေမယ့် လောလောဆယ်မှာတော့ ဆိုးလ်ရှားကသာ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ယူနိုက်တက်ပရိသတ်တွေအနေနဲ့လည်း ဆိုးလ်ရှားကိုသာ နည်းပြသစ်အဖြစ်ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုမှုတွေပြုလုပ်ထားကြတယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်ကို အချိန်အကြာဆုံးကိုင်တွယ်နိုင်ခဲ့တဲ့နည်းပြဖြစ်သလို၊ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ယူနိုက်တက်ရဲ့ကစားဟန်က ဖျော်ဖြေမှုအရှိဆုံးဖြစ်ခဲ့တယ်လို့လည်း ပရိသတ်အများစုက ယူဆထားကြတာဖြစ်ပါတယ်။
လာမယ့် ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယာယီနည်းပြ ဖလက်ချာရဲ့လက်အောက်မှာ ရလဒ်ကောင်းကိုရယူသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ တကယ်လို့ အဆိုပါပွဲစဉ်မှာ အသင်းရဲ့ကစားဟန်နဲ့ ရလဒ်ပိုင်းက အဆင်မပြေမှုတွေရှိလာခဲ့ရင်တော့ ဆိုးလ်ရှားရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂတ်အပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။