၂၀၂၆ ခုနှစ်မှာ မန်စီးတီးနဲ့အတူ ဆုဖလားအောင်မြင်မှုတွေဆွတ်ခူးချင်နေတဲ့ ဟာလန်း
VG သတင်းဌာနရဲ့ တစ်နှစ်တာအကောင်းဆုံးနော်ဝေအားကစားသမားဆုကို မန်စီးတီးကြယ်ပွင့်ဟာလန်း ရရှိခဲ့ပါတယ်။
ဒီဆုကို ဟာလန်းက စတုတ္ထအကြိမ်မြောက်ဆွတ်ခူးရရှိခြင်း ဖြစ်ပါတယ်။
ဟာလန်းက “ နော်ဝေဆိုတာ ကျွန်တော့်အတွက် အရာအားလုံးစတင်လာခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဒီမှာရှိနေတဲ့သူတွေကိုယ်တိုင် ကျွန်တော် တစ်ခုခုကို မှန်မှန်ကန်ကန်လုပ်ဆောင်နေတယ်လို့ ခံစားမိတယ်ဆိုရင် ဒါက အဓိပ္ပါယ်အများကြီးရှိပါတယ်။
တချိန်တည်းမှာပဲ ကျွန်တော်က ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ဆောင်နေတာပါ။ တိုးတက်လာဖို့နဲ့ ဂိုးတွေသွင်းယူပြီး လူတွေ ဂုဏ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒီဆုဟာ ကျွန်တော့်ရဲ့မိခင်နိုင်ငံမှ ရောက်ရှိလာတာဖြစ်လို့ ထူးရှယ်ဖြစ်တယ်လို့ ခံစားရပါတယ်”လို့ ပြောပါတယ်။
ဟာလန်းက ၂၀၂၅ ခုနှစ်၊ ကလပ်အသင်းအဆင့်မှာ အောင်မြင်မှုမရရှိခဲ့လို့ ဝမ်းနည်းနေပေမယ့် ၂၀၂၆ ခုနှစ်အတွက်တော့ မျှော်လင့်ချက်တွေ ကြီးကြီးမားမားရှိနေပါတယ်။
သူက “ ကျွန်တော့်ကလပ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူချင်ပါတယ်။ အမှန်ပါပဲ၊ နွေရာသီအတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အခမ်းနားဆုံးအရာဖြစ်ပြီး နော်ဝေနဲ့အတူ ခြေစစ်ပွဲအောင်မြင်ခဲ့လို့ အံ့သြဖို့လည်းကောင်းပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့တွေ စိတ်အေးအေးထားရပါမယ်။ ရှေ့မှာ အလုပ်တွေအများကြီးရှိနေပြီး ဘာတွေ တိုးတက်ဖို့လိုနေဦးမလဲဆိုတာ တိတိကျကျသိရှိထားပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်တို့ တည်ဆောက်နေတဲ့အရာအပေါ် ယုံကြည်မှုအပြည့်ရှိပြီး အဆင်သင့်ဖြစ်နေဖို့အတွက်လည်း အရာအားလုံး ပေးဆပ်သွားပါမယ်။
မှန်ကန်တဲ့နည်းလမ်းနဲ့အတူ အရာအားလုံးကိုလုပ်ဆောင်နိုင်မယ်ဆိုရင် အမှတ်ရစရာ ခုနှစ်သက္ကရာဇ်တစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။