The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ပွဲမှာ အာမက်၊ အမ်ဘွေမိုနဲ့ မာဇရာဝီတို့ပါဝင်ဖို့ မသေချာကြောင်းပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းရဲ့အာဖရိကကြယ်ပွင့်တွေဖြစ်တဲ့ ဘရိုင်ယန်အမ်ဘွေမို၊ အာမက်ဒီယာလိုနဲ့ မာဇရာဝီတို့ဟာ လာမယ့်တနင်္လာနေ့ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ မသေချာကြောင်း ပြောကြားလာခဲ့ပါတယ်။
အဆိုပါကစားသမား ၃ ဦးစလုံးဟာ ယခုလနှောင်းပိုင်းမှာကျင်းပသွားမယ့် အာဖရိကဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းသွားရမှာဖြစ်ပါတယ်။ ယခုချိန်အထိတော့ နိုင်ငံအသင်းတွေဟာ ကစားသမားတွေကို ဆင့်ခေါ်ခြင်းမရှိသေးဘဲ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ယ်လို့သိရပါတယ်။ 
ဖီဖာကတော့ ကလပ်အသင်းတွေဟာ ပြိုင်ပွဲမစတင်မီ ၂ ပတ်အလိုမှာပဲ ကစားသမားတွေကို လက်ရွေးစင်အသင်းတွေထံစေလွှတ်ဖို့ ထုတ်ပြန်ထားပြီး အာဖရိကပြိုင်ပွဲဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ။
သောကြာနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ အာမိုရင်က "ကျွန်တော်တို့နိုင်ငံအသင်းတွေနဲ့ ဆက်လက်ဆွေးနွေးနေဆဲပါ။ ပွဲက တနင်္လာနေ့မှာကစားရပါမယ်။ အခုတော့ သူတို့အသင်းမှာရှိနေပါတယ်။ ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်နေကြပါတယ်"
"ဒါက စိတ်ပျက်စရာအခြေအနေဖြစ်ပေမယ့် အခုချိန်အထိ သူတို့အသင်းအတွက်ကစားနိုင်မလားဆိုတာလည်း မသိရသေးပါဘူး။ ဒါပေမယ့် အသင်းမှာ အခြားကစားသမားတွေရှိပါတယ်။ ဒါက အရေးကြီးတဲ့အချက်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ‌လေ့ကျင့်ရေးအစီအစဉ်တွေတော့ ပုံမှန်အတိုင်းဆက်လုပ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အသင်းတိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာလည်း ဒဏ်ရာပြဿနာသက်သာနေပြီဖြစ်ပြီး လေ့ကျင့်ရေးပြန်ဆင်းနေပေမယ့် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာကြောင့် တနင်္လာနေ့ ဘုန်းမောက်နဲ့ပွဲစဉ်ကို လွဲချော်သွားနိုင်ချေရှိတယ်လို့ အာမိုရင်က အတည်ပြုပြောကြားလာခဲ့ပါတယ်။
အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးခေါင်းဒဏ်ရာကြုံတွေ့ခဲ့တာဖြစ်ပြီး တစ်လခန့်ကြာအနားယူနေခဲ့ရပါတယ်။ လာမယ့်ဘုန်းမောက်နဲ့ပွဲစဉ်မှာ‌တော့ ဆက်စ်ကိုအနေနဲ့ ပြန်လည်ပါဝင်ကစားဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အာမိုရင်ရဲ့ပြောကြားချက်အရ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ပေါ်တူဂီသားနည်းပြက "ဘုန်းမောက်နဲ့ပွဲကို ဟယ်ရီမက်ဂွါရီနဲ့ ဒီလစ်ချ်တို့သေချာပေါက်လွဲချော်သွားမှာပါ။ ဆက်စ်ကိုကတော့ စောင့်ကြည့်ရပါဦးမယ်။ သူကစားနိုင်မယ်ဆိုတာမသေချာပါဘူး။ သူ အစာအဆိပ်သင့်ထားပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေးအစီအစဉ် ၂ ခုကျန်နေသေးလို့ စောင့်ကြည့်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။