
မန်စီးတီးရဲ့အမှတ်-၁၀၀ ပြည့်စံချိန်ကို လီဗာပူးလည်း မကျော်ဖြတ်နိုင်ဘူးလို့ ဝေဖန်လိုက်တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးရဲ့အမှတ်-၁၀၀ ပြည့်စံချိန်ကို လိုက်မမီနိုင်တော့တဲ့ ပရီးမီးယားလိဂ်ဦးဆောင်သူ လီဗာပူးအသင်းကို ပက်ဂွါဒီယိုလာက လှောင်ပြောင်သရော်ခဲ့ပါတယ်။
ပက်ဂွါဒီယိုလာရဲ့ပြဿနာပေါင်းစုံတက်နေတဲ့အသင်းက လီဗာပူးနဲ့ ၁၆ မှတ်အကွာမှာ ရှိနေပြီး သူတို့ရဲ့ငါးနှစ်ဆက်လိဂ်ချန်ပီယံဆုရယူနိုင်ရေးအိပ်မက်ဟာ အံ့အားသင့်လောက်စရာကောင်းအောင် လဲပြိုသွားခဲ့ပါတယ်။
အမှတ်ပေးဇယားအနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ခုနစ်မှတ်ဖြတ်ထားတဲ့ လီဗာပူးအသင်းက မန်ချက်စတာယူနိုက်တက်ရဲ့စံချိန်ကို အမီလိုက်နိုင်မယ့် သူတို့ရဲ့အကြိမ် ၂၀ မြောက် အင်္ဂလန်ချန်ပီယံဘွဲ့ကို အရယူနိုင်ရန် ကြိုးပမ်းနေပါတယ်။
ဒါပေမယ့် အန်းစလော့ရဲ့အသင်းက ဒီဆုကို အရယူနိုင်မယ်ဆိုရင်တောင် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ၊ ပက်ဂွါဒီယိုလာရဲ့မန်စီးတီးအသင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူခဲ့စဉ် တင်ရှိခဲ့တဲ့ စံချိန်တင်ရမှတ်ကို လိုက်မီနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မန်စီးတီးရဲ့ကြီးစိုးခဲ့မှုအပေါ် ဝေဖန်သံတွေကို တုံ့ပြန်ရာမှာ ပက်ဂွါဒီယိုလာက လက်ရှိလီဗာပူးအသင်းကိုပါ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ကျွန်တော်တို့က အင်္ဂလန်မှာရှိတဲ့ စံချိန်မှတ်တမ်းကောင်းတွေကို ချိုးဖျက်ခဲ့ပါတယ်။ အခုမော်ဒန်ဘောလုံးလောကမှာ ဘယ်သူတွေကများ အမှတ်-၁၀၀ အထိ ရရှိအောင် စွမ်းဆောင်နိုင်သလဲ? ကျွန်တော် စောင့်မျှော်နေပါတယ်။
ဒါမှမဟုတ် လေးနှစ်ဆက်ချန်ပီယံလား? ကစားရဖို့ကျန်နေသေးတဲ့ ဘုန်းမောက်၊ ဖူလ်ဟမ်၊ ဝုဗ်တို့နဲ့အတူ ကျွန်တော် စောင့်မျှော်နေပါတယ်။
စံနှုန်းတွေကို ကျွန်တော်တို့ကပဲ ချမှတ်ပေးခဲ့တာပါ။ အခုရာသီ၊ လီဗာပူးအသင်းကိုရော ခင်ဗျားတို့ တွေ့ပြီးပြီလား? သူတို့လည်း အမှတ်-၁၀၀ ပြည့်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ၉၉ လောက်တော့ ရနိုင်ပါတယ်၊ ၁၀၀ တော့ မပြည့်ပါဘူး”လို့ ပြောပါတယ်။
မန်စီးတီးရဲ့စံချိန်တင်ရမှတ်ကို လီဗာပူးတို့ မကျော်ဖြတ်နိုင်ပေမယ့် ပက်ဂွါဒီယိုလာကတော့ သူ့ရဲ့အသင်းဟာ ပြိုင်ဘက်တွေရဲ့နောက်မှာ အတော်လေးပြတ်ကျန်ခဲ့ပြီဆိုတာကို လက်ခံသွားခဲ့ပါတယ်။
အခုညပိုင်း၊ နယူးကာဆယ်ကို ဧည့်ခံကစားရမယ့် ပက်ဂွါဒီယိုလာက “ မနေ့တုန်းကတောင် ကျွန်တော် ဂမ်ဒိုဂန်ဆီ မေးကြည့်ခဲ့ပါသေးတယ်။ ‘လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မင်း ဒီအသင်းမှာ ရှိခဲ့တယ်၊ ပြီးတော့ ဘာစီလိုနာဆီ တစ်နှစ်ထွက်ခွာသွားတယ်။ အခု ပြန်ရောက်လာပြီ။ ပရီးမီးယားလိဂ်မှာ အပြောင်းအလဲတွေ မြင်တွေ့ထားသလား’လို့ သူ့ကို မေးခဲ့ပါတယ်။
သူကတော့ ကွာခြားချက်တွေက မယုံကြည်နိုင်လောက်အောင် ကြီးမားလွန်းတယ်လို့ ပြောပါတယ်။ ဒါ အမှန်တရားပါ။ အသင်းတွေက ကဏ္ဍစုံမှာ အရမ်းကောင်းအောင် တိုးတက်လာခဲ့ပါတယ်။ လူတွေကလည်း အရမ်းကောင်းအောင် ပြင်ဆင်လာပါတယ်။
ကျွန်တော်တို့မှာ ရှိခဲ့တဲ့ ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်း ဘာမှမတက်နိုင်ခဲ့ပါဘူး။ ကစားသမားအများစုလည်း မိနစ်များစွာ ကစားပေးခဲ့ရပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း အရမ်းမောပန်းနွမ်းနယ်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေ ဆိုးရွားတဲ့ဘောလုံးရာသီတစ်ခုရရှိဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့တွေ အရင်လိုပုံစံမျိုး မဖြစ်ထိုက်ပါဘူး။ ကစားသမားတွေက လူသားတွေဖြစ်လို့ ဒါမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့တွေ တည်ငြိမ်မှုမရှိပါဘူး။ အကောင်းဆုံးပုံစံရရှိနေတဲ့ကစားသမားတွေလည်း မရှိခဲ့ပါဘူး။
ဒီလိုအဆင့်မျိုးမှာ ရောက်ရှိနေတာ ကစားသမားအများစုနဲ့ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို ကျွန်တော်တို့ လက်ခံသွားရပါမယ်။ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကလည်း ပုံမှန်မဟုတ်ဘူးဆိုတာ အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
ယခင်အောင်မြင်ခဲ့တဲ့ဘောလုံးရာသီတွေနဲ့ အခုအချိန်တို့အကြား ကွာခြားချက်က မန်စီးတီးအနေဖြင့် ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားဟန်တွေမှာ အကောင်းဆုံးအသုံးမချနိုင်ခြင်းဖြစ်တယ်လို့ ပက်ဂွါဒီယိုလာက ယုံကြည်နေပါတယ်။
သူက “ ပြိုင်ဘက်မှာ ဘောလုံးရှိနေရင် ကျွန်တော်တို့ အခက်တွေ့နိုင်တယ်လို့ ကျွန်တော် ယူဆထားပါတယ်။
ဒါပေမယ့် အခုတော့ ကျွန်တော်တို့မှာ ဘောလုံးရှိနေရင် ကျွန်တော်တို့ ဒုက္ခရောက်နေတော့တာပါပဲ။ ဒါမျိုး အရင်တုန်းက မဖြစ်ခဲ့ဖူးပါဘူး။ အခု ကျွန်တော်လည်း ဒီအချက်ကို မပြောင်းလဲနိုင်သေးပါဘူး။ ကျွန်တော်တို့က လူသားတွေဖြစ်လို့ ဒုက္ခလည်းတွေ့နေပါတယ်”လို့ ပြောပါတယ်။