The network connection is lost.

Banner Image

အင်္ဂလန်က မိမိကိုယ်ကိုဖိအားတွေယူဆောင်နေတယ်လို့ ရိုက်စ်ပြောကြား

အင်္ဂလန်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်က မိမိတို့အသင်းဟာ ယူရိုမှာ ကိုယ့်ကိုကိုယ်ဖိအားတွေယူဆောင်သလိုဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ ဒိန်းမတ်ကိုသရေကျခဲ့ပြီးနောက် ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့ အခြေအနေကောင်းတစ်ရပ်မှာရှိနေပါတယ်။

ဒါပေမယ့် ဆောက်ဂိတ်ရဲ့အသင်းသားတွေဟာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနိုင်ဖို့ ရုန်းကန်နေခဲ့၇တာဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေနဲ့ပတ်သက်ပြီး အာဆင်နယ်စတား ရိုက်စ်က မိမိတို့ရဲ့အကောင်းဆုံးအနေအထားကို မမြင်ရသေးကြောင်း ပြောကြားခဲ့သလို ဆောက်ဂိတ် နဲ့ အသင်းခေါင်းဆောင် ကိန်းကလည်း ဆလိုဗေးနီးယားနဲ့ပွဲမှာ တိုးတက်အောင်လုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆောက်ဂိတ်က အင်္ဂလန်အသင်းသားတွေဟာ အသင်းအောင်မြင်မှုရဖို့ ဂရုစိုက်လွန်းတယ်လို့ ပြောကြားခဲ့ပါတယ်။  ရိုက်စ်ကလည်း အင်္ဂလန်နည်းပြရဲ့ပြောကြားချက်ကို ထောက်ခံခဲ့ပြီး “မှန်ပါတယ်။ နိုင်ငံအသင်းအတွက်ကစားပေးရတာ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့အားလုံးအနိုင်ရချင်ကြသလို အောင်မြင်မှုလည်း လိုချင်ကြပါတယ်။

အဲ့တာအပေါ်အာရုံစိုက်လွန်းတာက တစ်ခါတလေမှာ ဖိအားတွေယူဆောင်သလိုဖြစ်နေပါတယ်။ ကျွန်တော်တို့အဲ့လိုဖြစ်နေတာကို လွှတ်ချပြီး ကိုယ့်ကိုကိုယ်အာရုံစိုက်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် ၂ ပွဲမှာ ၁ ပွဲနိုင် ၊ ၁ ပွဲသရေကျထားပါတယ်။ အခုတော့နောက်ဆုံးပွဲကို အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့ပစ်မှတ်က အမြဲတမ်းနောက်တစ်ဆင့်တက်နိုင်ဖို့ပါ။ ကျွန်တော်တို့လုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာ သေချာပြောနိုင်ပါတယ်။

ကြည့်လိုက်ပါ။ ကျွန်တော်တို့ပိုကောင်းလာနိုင်တယ်ဆိုတာ သိပါတယ်။ ဘောလုံးပိုင်ဆိုင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်တော်တို့ တိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ကျွန်တော်တို့ သေချာလေးကစားပြီး အကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တစ်ပွဲပဲကျန်ပါတော့တယ်”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် နဲ့ ယူရို ၂၀၂၀ မှာ ဖိုင်နယ်ကိုပို့ဆောင်ပေးနိုင်ခဲ့ကာ အခုဂျာမနီမှာလည်း ယခင်ပြိုင်ပွဲတွေကလိုမျိုးလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ ဖိအားတွေပိုများလာပါတယ်။ ဘာလို့လဲဆိုတော ကျွန်တော်တို့ကစားသမားတွေရဲ့သက်ဆိုင်ရာအသင်းတွေမှာပြသနေတဲ့စွမ်းဆောင်ရည်ကြောင့်ပါ။ တိုက်စစ်မှာဆိုရင် ကိန်း ၊ ဆာကာ ၊ ဘယ်လင်ဟမ် နဲ့ ဖိုဒန်တို့ ခြေစွမ်းပြခဲ့ပါတယ်။ အဲ့တာကြောင့် မျှော်လင့်ချက်တွေပိုများလာခဲ့တာပါ။ ဖိအားတွေကလည်း အဲ့လိုကြောင့်ပိုများလာခဲ့တာပါ။

ဒါက အင်္ဂလန်အသင်းဖြစ်သလို အဓိကပြိုင်ပွဲတစ်ခုပါ။ အဲ့တာက ကျွန်တော်တို့အလုပ်ဖြစ်သလို ကျွန်တော်တို့သေချာလေးလုပ်ဆောင်ရမယ့်အရာပါ။ အဆုံးသတ်မှာ ကျွန်တော်တို့ ဖိအားများတဲ့ပတ်ဝန်းကျင်အပြင် ပွဲတွေကို ကန်ခဲ့ပြီးပါပြီ။

လက်ရှိအနေအထားက အကောင်းဆုံးစွမ်းဆောင်ရည်မဟုတ်သေးပါဘူး။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ အခုထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါသေးတယ်။ နောက်တစ်ကြိမ်ပြန်ကြည့်ပြီး ကျွန်တော်တို့ လာမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်”လို့ ရိုက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဟာ လာမယ့်အင်္ဂါနေ့မှာ ဆလိုဗေးနီးယားအသင်းနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကန်ရမှာဖြစ်ပါတယ်။