The network connection is lost.

Banner Image

လက်ချီနောက်ခံလူ ဒေါ်ဂူကိုခေါ်ယူဖို့ နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းသွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အီတလီစီးရီးအေကလပ် လက်ချီနောက်ခံလူ ပက်ထရစ်ဒေါ်ဂူကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ကနဦး ပေါင် ၂၃ သန်းတန်ကမ်းလှမ်းချက်ကို ပယ်ချခံရပြီးနောက်မှာ နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

ယူနိုက်တက်ရဲ့ ဆွေးနွေးညှိနှိုင်းရေး ဒါရိုက်တာ မတ်ဟားဂရေ့ဗ်ဟာ ဗုဒ္ဓဟူးနေ့က မီလန်သို့ထွက်ခွာသွားခဲ့ပြီး ကစားသမားရဲ့အပြောင်းအရွှေ့အတွက် လက်ချီဥက္ကဌ စတစ်ချီဒါမီယာနီနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။သတင်းတွေအရ လက်ချီဟာ ဒေါ်ဂူအတွက် ပေါင် ၃၃ သန်းအထိအလိုရှိနေပြီး ယူနိုက်တက်ကတော့ အီတလီကလပ်တောင်းဆိုထားတဲ့ တန်ကြေးကို ပေးချေလိုခြင်းမရှိဘူးလို့သိရပါတယ်။ 

အသင်းရဲ့တောင်ပံကစားသမား အန်တိုနီကို လာလီဂါကလပ် ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့ ထွက်ခွာစေပြီးနောက်မှာ နည်းပြ ရူဘင်အာမိုရင်အနေနဲ့ ဘယ်နောက်ခံနေရာကို အင်အားဖြည့်တင်းဖို့ စတင်ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ နာပိုလီကစိတ်ဝင်စားနေတဲ့ တောင်ပံကစားသမား ဂါနာချိုအတွက်လည်း ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ 

အသက်-၂၀ အရွယ်၊ အရပ် ၆ ပေ ၂ လက်မအထိမြင့်တဲ့ ဒေါ်ဂူဟာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ၄ ပွဲအထိပါဝင်ကစားခွင့်ရထားပြီး တောင်ပံကစားသမားတစ်ယောက်အနေနဲ့လည်း ကစားနိုင်တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ပီအက်စ်ဂျီနောက်ခံလူ နူနိုမန်ဒက်စ်ကို ကနဦးက စတင်ပစ်မှတ်ထားခဲ့ပေမယ့် ကစာသမားရဲ့ လစာပမာဏမြင့်မားလွန်းတာကြောင့် ဆွေးနွေးညှိနှိုင်းမှု ပျက်ပြယ်ခဲ့ပါတယ်။ 

အာမိုရင်ရဲ့အသင်းဟာ ဘုန်းမောက်ကစားသမား မီလော့စ်ကာကက်ဇ်ကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေပေမယ့် သက်သာတဲ့တန်ကြေးနဲ့တော့ ဝယ်ယူနိုင်ဖို့မရှိဘူးလို့သိရပါတယ်။ လာမယ့်သောကြာနေ့နံနက်ကမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရိန်းဂျားစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆက်လက်ကျန်ရှိနေဆဲဖြစ်လို့ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်း ကစားသမားသစ်တွေခေါ်ယူပြီး အသင်းကိုအင်အားဖြည့်တင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။ 

ဒေါ်ဂူဟာ လက်ချီအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသေးတာဖြစ်ပြီး ဒိန်းမတ်လက်ရွေးစင်ဟာ လူငယ်ကစားသမားဘဝကို ကိုပင်ဟေဂင်မှာ ဖြတ်သန်းခဲ့ဖူးတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ လက်ချီသို့စတင်ရောက်ရှိလာခဲ့ပြီးနောက် ဒေါ်ဂူဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ ကစားသမားဟာ လက်ချီရဲ့ ပုံမှန်ပွဲထွက်လူစာရင်းမှာ တောက်လျှောက်ပါဝင်ခွင့်ရခဲ့ပြီး အသင်းရဲ့ အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ်လည်း ရပ်တည်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ ဒေါ်ဂူဟာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် စတင်ပါဝင်ကစားနိုင်ခဲ့ပြီး နိုင်ငံအတွက် ပထမဆုံးသွင်းဂိုးကို ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။