
တော့တင်ဟမ်ရဲ့ ယူရိုသန်း ၆၀ တန်ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ မာသီစ်တဲလ်
ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူးလေး မာသီစ်တဲလ်ဟာ တော့တင်ဟမ်ရဲ့ ယူရိုသန်း ၆၀ တန်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ကစားသမားကိုစိတ်ဝင်စားနေတဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာတို့အနေနဲ့ ဘိုင်ယန်မြူးနစ်ထံ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ အခွင့်အရေးပြန်လည်ရရှိလာခဲ့ပြီဖြစ်ပါတယ်။
ကိုလိုမူအာနီကိုခေါ်ယူနိုင်ဖို့ ပျက်ကွက်ခဲ့တဲ့တော့တင်ဟမ်ဟာ မာသီစ်တဲလ်ကိုအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပြုဖို့ ကတိပေးပြီး ဆွဲဆောင်ခဲ့ပေမယ့် ကစားသမားကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဥက္ကဌ ဒန်နီရယ်လီဗိုင်ဟာ ကစားသမားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ လန်ဒန်မှ မြူးနစ်သို့ထွက်ခွာသွားခဲ့ပေမယ့် သဘောတူညီမှုမရရှိခဲ့ဘူးလို့သိရပါတယ်။
သတင်းတွေအရ မာသီစ်တဲလ်ဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း အလားအလာရှိတဲ့ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေဆဲဖြစ်ပြီး ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာတို့ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော်ဒီကလပ်တွေကလည်း လူငယ်ကြယ်ပွင့်ကိုစိတ်ဝင်စားနေကြပြီး ကစားသမားကလည်း ဥရောပအပြင်မှာထွက်ကစားဖို့ ငြင်းဆန်ထားခြင်းမရှိပါဘူး။
ယူနိုက်တက်အနေနဲ့ကတော့ မာသီစ်တဲလ်ကိုခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေပေမယ့် အခုချိန်အထိ တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ထားခြင်းမရှိသေးပါဘူး။ လက်ရှိအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အလီဂျန်ဒရိုဂါနာချိုတို့ရဲ့ အနာဂတ်ကလည်း တည်ငြိမ်မှုမရှိသေးတာကြောင့် ယူနိုက်တက်အနေနဲ့ ကစားသမားတွေကိုရောင်းချနိုင်ဖို့သာ အာရုံစိုက်နေရဆဲဖြစ်ပါတယ်။
မာသီတဲလ်အနေနဲ့ ယခုဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ဘယ်အသင်းသို့ရောက်ရှိသွားမလဲဆိုတာ အခုချိန်အထိတော့ သေချာရေရာတဲ့အဖြေကို ရှာတွေ့ခြင်းမရှိသေးပါဘူး။ သို့သော်လည်း ကစားသမားဟာ ပရီးမီးယားလိဂ်သို့ရောက်ရှိလာဖို့တော့ အလားအလာများနေတယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။