The network connection is lost.

Banner Image

ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ အဓိကကစားသမားငါးဦးကို အနားပေးသွားဖို့ စီစဉ်ထားတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာ မိုဆာလက်နဲ့အတူ အခြားစီနီယာကစားသမားလေးဦးကို အနားပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ အန်ဖီးလ်ကွင်းမာဆေးဆိုဒ်ဒါဘီမှာ အဲဗာတန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ကြိုးကြာနီတွေက အခုရာသီ၊ ပြိုင်ပွဲစုံငါးပွဲဆက်အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ သူအားထားနေရတဲ့ကစားသမားတွေအတွက် အလွန်လိုအပ်နေတဲ့ အနားယူမှုကို ပေးစွမ်းနိုင်ဖို့ ကြီးမားတဲ့အပြောင်းအလဲတွေ ရောက်ရှိလာနေပြီလို့ ပြောပါတယ်။

အန်းစလော့က ချန်ပီယံလိဂ်မှာ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှ လေးနေရာကို ပြောင်းလဲကာ အဲဗာတန်အပေါ် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်လာခဲ့ပြီး ကော်နာဘရက်ဒ်လေ၊ ကာကက်ဇ်၊ ဟူဂိုအီကီတီနဲ့ မက်အယ်လစ္စတာတို့ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ဂရာဗန်ဘတ်ချ်က လီဗာပူးအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပြီး အဲဗာတန်အတွက် တစ်လုံးတည်းသောချေပဂိုးကို ဂူယီက သွင်းယူပေးခဲ့ပါတယ်။ 

ပြိုင်ဘက်ရဲ့ဖိအားပေးမှုအောက် ခက်ခက်ခဲခဲ အဆုံးသတ်ခဲ့ရပေမဲ့ အခုဘောလုံးရာသီ၊ ပြီးပြည့်စုံတဲ့စတင်မှုကို ထိန်းသိမ်းထားလိုတဲ့ ကြိုးကြာနီတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ပွဲစဉ်တွေအပြီး လူစာရင်းပိုင်းအလှည့်အပြောင်းပြုလုပ်မှုရဲ့အရေးပါပုံကို မီးမောင်းထိုးပြလိုတဲ့ အန်းစလော့က “ ဒါကြောင့်ပဲ ကျွန်တော်တို့လိုအသင်းတွေနဲ့ ဥရောပအဆင့်ပြိုင်ပွဲဝင်နေတဲ့ အသင်းတွေအတွက် အခုလိုလူစာရင်းစုဖွဲ့မှုမျိုးကို လိုအပ်နေတာပါ။ ပွဲတွေ အများကြီးကစားရတယ်လေ။ ဒါက အကြောင်းပြချက်ပေးတာ မဟုတ်ပါဘူး။ ပွဲစဉ်တွေအများကြီးကစားရတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ လက်သင့်ခံထားပါတယ်။

ကောင်းတဲ့အချက်တစ်ခုကတော့ အခုသီတင်းပတ်တလျှောက်လုံး ကျွန်တော့်ဆီမှာ အလှည့်အပြောင်းတွေ ပြုလုပ်ဖို့ ရွေးချယ်ခွင့်ရှိနေခြင်းပဲ ဖြစ်ပါတယ်။ မိနစ် ၉၀ ပြည့်၊ သုံးပွဲဆက်ကစားခဲ့ရသူတွေကတော့ ဗန်ဒိုက်၊ ကိုနာတေး၊ မိုဆာလက်၊ ဂရာဗန်ဘတ်ချ်နဲ့ ဆိုဘိုဆလိုင်းတို့ ဖြစ်ပါတယ်။ အခုအချိန် ပြောနိုင်တာကတော့ သူတို့တွေကို လာမယ့်အင်္ဂါနေ့ပွဲစဉ်မှာ မြင်တွေ့ရဖို့ မရှိဘူးဆိုတာပါပဲ”လို့ ပြောပါတယ်။

အခုလို ကာရာဘောင်ဖလားပြိုင်ပွဲစတင်လာချိန်မှာပဲ လီဗာပူးအသင်းလူစာရင်းပိုင်းအတွက် စမ်းသပ်မှုတွေ ပြုလုပ်နိုင်ဖို့ အခွင့်အရေးရှိလာခဲ့ပါပြီ။ မိုဆာလက်၊ ဗန်ဒိုက်၊ ကိုနာတေး၊ ဂရာဗန်ဘတ်ချ်နဲ့ ဆိုဘိုဆလိုင်းတို့ အနားယူရမှုနဲ့အတူ အရန်ကစားသမားတွေ၊ လူငယ်ကစားသမားတွေအတွက် အခွင့်အလမ်းတွေ တိုးမြှင့်လာပါလိမ့်မယ်။ အန်းစလော့ရဲ့အလှည့်အပြောင်းပြုလုပ်လိုစိတ်တွေက အသင်းလူစာရင်းပိုင်းအပေါ် နက်နက်နဲနဲယုံကြည်ထားမှုကို ပြသနေပြီး ကျပ်တည်းလှတဲ့ပွဲစဉ်ဇယားအတွင်း ပြည်တွင်းပြည်ပပြိုင်ပွဲတွေမှာ ဟန်ချက်ညီမှုရှိနေစေမယ့် အခွင့်အလမ်းရရှိလာပါလိမ့်မယ်။

အပြောင်းအလဲတွေ အများကြီးပြုလုပ်ထားမယ်လို့ ယူဆရတဲ့ လီဗာပူးက အင်္ဂါည၊ အန်ဖီးလ်ကွင်း၊ ကာရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာ ဆောက်သမ်တန်နဲ့ ရင်ဆိုင်သွားရပါမယ်။ ဒါကြောင့် ပွဲထွက်ခွင့်အတွက် ကာကက်ဇ်၊ ဘရက်ဒ်လေတို့လို ကြယ်ပွင့်တွေ ပွဲထွက်လူစာရင်းမှာ ပြန်ပါဝင်လာဖို့ တွန်းအားဖြစ်သလို ချီယေဆာ၊ အန်ယိုနီတို့လို ကစားသမားတွေလည်း ပွဲထွက်ပါဝင်လာနိုင်ပါတယ်။ ဒီပွဲစဉ်အပြီးမှာ အန်းစလော့က စက်တင်ဘာ ၂၇ ရက်၊ ဂလက်စ်နာရဲ့ ပုံစံကောင်းရနေတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ဖို့ လန်ဒန်မြို့ဆီ အသင်းနဲ့အတူ ခရီးဆက်ပါလိမ့်မယ်။