ပယ်လ်မာကိုလူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာတဲ့ ကာဘယ်လာရို
ဗုဒ္ဓဟူးနေ့နံနက်က ဘုန်းမောက်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နည်းပြအန်ဇိုမာရက်စ်ကာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကြည့်စင်ရောက်ရှိနေချိန် လက်ထောက်နည်းပြ ဝီလီကာဘယ်လာရိုက ချဲလ်ဆီးကို ယာယီတာဝန်ယူကိုင်တွယ်ခဲ့ပြီး ပွဲကစားချိန် ၆၃ မိနစ်မှာ အသင်းရဲ့အဓိကကွင်းလယ်လူ ကိုးပယ်လ်မာကို လူစားလဲခဲ့ပါတယ်။
ဒါကြောင့် ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ဒေါသပုန်ထပြီး ကွင်းအတွင်းမှာပဲ ကာဘယ်လာရိုကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပေမယ့် ပွဲအပြီးမှာ ကာဘယ်လာရိုက ပယ်လ်မာကိုဘာကြောင့်လူစားလဲခဲ့သလဲ ရှင်းပြလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာသရေကျခဲ့တာကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲတစ်ပွဲသာရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့လည်း ရမှတ်၁၅ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။
ပွဲအပြီးမှာ ကာဘယ်လာရိုက "ဘယ်ပရိသတ်မဆို အကောင်းဆုံးကစားသမားတွေကိုကွင်းထဲမှာရှိစေချင်တာ သာမန်ပါပဲ။ ကျွန်တော်တို့လည်း ဒီလိုပဲဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ပယ်လ်မာက ကာလရှည်ဒဏ်ရာပြဿနာကနေပြန်လာနိုင်တာမကြာသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မှန်ကန်တဲ့လူစားလဲမှုကို ပြုလုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့သူ့ကို တစ်ရာသီလုံးအလိုရှိနေပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်ကို နည်းပြမာရက်စ်ကာ လွဲချော်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ကာဘယ်လာရိုက "ပြီးခဲ့တဲ့ ၂ ရက်အတွင်း သူနေသိပ်မကောင်းပါဘူး။ ကိုယ်နည်းနည်းပူနေပါတယ်။ နောက်ဆုံး လေ့ကျင့်ရေးအစီအစဉ် ၂ ခုမှာ သူပါဝင်ခဲ့ပါတယ်။ အသင်းကို ပြင်ဆင်ချင်ခဲ့လို့ပါ။ ဒါပေမယ့် ဒီပွဲအပြီးမှာတော့ ကျွန်တော့်ကိုလူစားလဲဖို့တောင်းဆိုခဲ့ပါတယ်"
"သူက ကစားသမားတွေကိုလေ့ကျင့်ပေးဖို့နဲ့ နည်းပြဖို့ကိုအရမ်းသဘောကျတဲ့သူပါ။ သူက ကျွန်တော့်အတွက်ရော၊ တစ်သင်းလုံးက ဝန်ထမ်းတွေအားလုံးအတွက်ပါ စံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။