
ဥရောပချန်ပီယံတွေကို စိန်ခေါ်ဖို့ မက်ဆီနဲ့ အင်တာမိုင်ယာမီ အဆင်သင့်ဖြစ်နေပြီလို့ ကြွေးကြော်လိုက်တဲ့ မာရှေယာနို
မက်ဆီဦးဆောင်တဲ့ အင်တာမိုင်ယာမီက ဒီည၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆-သင်းရှုံးထွက်အဆင့်မှာ ပူပူနွေးနွေးချန်ပီယံလိဂ်ဖလားပိုင်ရှင်တွေနဲ့ ရင်ဆိုင်သွားရပါမယ်။ အင်တာမိုင်ယာမီအသင်းသမိုင်းတလျှောက် အရေးအကြီးဆုံးပွဲစဉ်တွေအနက် တစ်ခုဖြစ်လာနိုင်တဲ့ ယှဉ်ပြိုင်မှုမတိုင်ခင် နည်းပြမာရှေယာနိုက ဥရောပထိပ်တန်းကလပ်အသင်းနဲ့ရင်ဆိုင်ရခြင်းရဲ့အရေးပါမှုအပြင် ဘာစီလိုနာကစားသမားဘဝမှာ ဆရာဟောင်းဖြစ်ခဲ့ဖူးသူ လူးဝစ်အင်းနရစ်နဲ့ ပြန်လည်ဆုံတွေ့ရခြင်းအပေါ် အမြင်တွေကို သုံးသပ်ပြောဆိုခဲ့ပါတယ်။
မာရှေယာနိုက “ လူးဝစ်အင်းနရစ်ဆိုတာ ကျွန်တော်ဆုံတွေ့ဖူးသမျှ သြဇာအကြီးမားဆုံးနည်းပြတွေထဲမှာ ပါဝင်နေသူတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ဦးအကြား ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိပြီး သူ့ကို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ ကျွန်တော့်ကို ဘာစီလိုနာဆီ ပြောင်းရွှေ့လာအောင် စည်းရုံးခဲ့ဖူးသူဖြစ်ပြီး မတူညီတဲ့ကလပ်အသင်းတွေနဲ့ သူ့ကိုယ်သူ သက်သေပြထားခဲ့ပါတယ်။ အင်းနရစ်နဲ့ ပြန်လည်ဆုံတွေ့ရမှုက ထူးခြားပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အင်တာမိုင်ယာမီနည်းပြက ပီအက်စ်ဂျီတို့အနိုင်ရရှိဖို့ အလွန်ရေပန်းစားနေတဲ့ စိန်ခေါ်မှုမတိုင်ခင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၁၆-သင်းရှုံးထွက်အဆင့်မှာ တိုက်ပွဲဝင်သွားဖို့ သူ့ရဲ့အသင်း ပြင်ဆင်ထားခဲ့ပြီးပြီလို့ အလေးအနက်ပြောကြားလာခဲ့ပါတယ်။ သူက “စာရွက်ပေါ်မှာတော့ ကျွန်တော်တို့က အောက်အသင်းပဲ ဖြစ်ပါတယ်။ ဒီအတွက်နဲ့တော့ ကျွန်တော်တို့အသင်းရှုံးနိမ့်သွားပြီလို့ မယူဆနိုင်ပါဘူး။ ဒီအဆင့်အထိ တက်လှမ်းလာဖို့ဆိုတာ အလွန်ခက်ခဲခဲ့သလို ကျွန်တော်တို့အသင်းကလည်း အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ အခုတော့ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရပါဦးမယ်။ ကျွန်တော်တို့အသင်း ရှေ့ဆက်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် အာဂျင်တီးနားသားနည်းပြက အခုပွဲစဉ်ကို သူ့ရဲ့နည်းပြဘဝအတွက် အဆုံးအဖြတ်ပွဲစဉ်လို့ မသတ်မှတ်ပေမယ့် သူ့ရဲ့အမြင်နဲ့ ခေါင်းဆောင်မှုအရည်အသွေးအတွက် အဓိကစမ်းသပ်ချက်တစ်ရပ် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ မာရှေယာနိုက “ ဒါကို ကျွန်တော့်နည်းပြဘဝရဲ့အရေးအကြီးဆုံးပွဲစဉ်တစ်ခုလို့တော့ မရှုမြင်မိပါဘူး။ ဒါက အဓိကမကျပါဘူး။ ကျွန်တော်တို့အတွက် အခွင့်အလမ်းတစ်ရပ် ရရှိထားပါတယ်။ အခုတော့ ထိပ်တန်းအဆင့်ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ပြသွားရပါမယ်။ ပီအက်စ်ဂျီလည်း အကောင်းဆုံးတိုက်ပွဲဝင်သွားမယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်”လို့ ပြောပါတယ်။
ထူးခြားမှုမှာ အင်တာမီယာမီနဲ့အတူ ရှေ့ခရီးဆက်နိုင်ခဲ့တဲ့ မာရှေယာနိုက အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဆက်လက်ပါဝင်နေတဲ့ တစ်ဦးတည်းသော အာဂျင်တီးနားလူမျိုးနည်းပြအဖြစ် ရပ်တည်နေခြင်းဖြစ်ပါတယ်။ သူနဲ့တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဂယ်လ်လာဒို(ရေးဗားပလိတ်)၊ မီဂွဲလ်အိန်ဂျယ်ရုဆို(ဘိုကာဂျူနီယာ)၊ အန်ဆဲလ်မီ(ပေါ်တို)နဲ့ ဆီမြွန်နီ(အက်သလက်တီကိုမက်ဒရစ်)တို့ကတော့ ရှုံးထွက်အဆင့်အထိ မတက်ရောက်နိုင်ဘဲ အုပ်စုအဆင့်မှာပဲ လှည့်ပြန်ခဲ့ရပါတယ်။