
လာမယ့် ၈ ရက်အတွင်းမှာ ကစားသမား ၄ ဦးလောက်ရောင်းထုတ်ချင်နေတဲ့ ဖလစ်
နွေရာသီအပြောင်းအရွှေ့အတွင်းမှာ သွေးသစ်လောင်းဖို့အတွက် ဘာစီလိုနာနည်းပြ ဖလစ်က မလိုအပ်တဲ့ကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ အားကစားဒါရိုက်တာ ဒေကိုကလည်း နည်းပြ ဖလစ်အလိုမရှိတဲ့ကစားသမား ၄ ဦးကို အသင်းသစ်ရှာဖွေဖို့ လုပ်ဆောင်နေပါတယ်။
ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အင်တာမီလန်ကိုအရေးနိမ့်ခဲ့တာဖြစ်ပြီး ဖလစ်လက်အောက် ပြည်တွင်းပြိုင်ပွဲမှာတော့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါချန်ပီယံဆုအပြင် ကိုပါဒယ်ရေးဖလားကိုပါ ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်ရာသီသစ်မှာလည်း အသင်းအတွက် လိုအပ်တာတွေကို ပြင်ဆင်နေတာဖြစ်ပါတယ်။
သတင်းတွေအရ ဂျာမန်သားဟာ မလိုအပ်တဲ့ကစားသမား ၄ ဦးကျော်လောက်ကို ရှင်းထုတ်ချင်နေပြီး ကစားသမားအသစ်တွေခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ တောင်ပံနေရာအတွက် ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယံကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ဒါ့အပြင် ဂိုးသမားနေရာအတွက်လည်း အသက် ၂၄ နှစ်သား ဂျိုအန်ဂါစီယာကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာရောင်းထုတ်မယ့်ကစားသမားတွေထဲမှာ ဖာတီ ၊ ပီနာ ၊ ရိုမီယူ ၊ ပါဘလိုတောရက်တို့ပါဝင်နေတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် ဖာတီဟာ လာမာစီယာအကယ်ဒမီကနေထွက်ပေါ်လာတာဖြစ်ပြီး၂၀၂၄ - ၂၅ ရာသီမျာ လာလီဂါ ၃ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
သတင်းတွေအရ နည်းပြဖလစ်ကတော့ ဖာတီရဲ့လုပ်ခလစာအခြေအနေဟာ အသင်းအတွက် ခက်ခဲနိုင်တယ်လို့ ထင်မြင်နေပြီး ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဂါစီယာကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ပီနာကို ရောင်းထုတ်မှာဖြစ်သလို ချဲလ်ဆီးကွင်းလယ်လူဟောင်း ရိုမဲရိုးကိုလည်း ရောင်းထုတ်မှာဖြစ်ပါတယ်။
အသက် ၃၃ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂီရိုနာအသင်းထံ အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၉ နှစ်သား ပါဘလိုတောရက်ကိုလည်း ရောင်းထုတ်မှာဖြစ်ပြီး ဗီလာရီးရဲလ်အသင်းက စိတ်ဝင်စားနေပါတယ်။