ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး အာတီတာကို သတိပေးလိုက်တဲ့ ရွန်းနီ
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက အာတီတာအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုမရခဲ့ရင် အထုတ်ခံရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အာဆင်နယ်ဟာ ၃ ရာသီဆက် အဆင့် ၂ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီးနောက် အခုရာသီမှာတော့ လိဂ်ပွဲ ၉ ပွဲမှာ ၇ ပွဲအနိုင်နဲ့အတူ အဆင့် ၁ နေရာမှာ ၄ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။ တနင်္ဂနွေနေ့က ပဲလေ့စ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် ၁၀ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့ပြီး ၅ ပွဲဆက်ပေးဂိုးမပေးရတဲ့စံချိန်ကိုပါရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ သူတို့ရဲ့စွမ်းဆောင်ရည်ကောင်းတွေအပြင် ပြိုင်ဘက်အသင်းတွေ ခြေချော်နေတာကြောင့် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက်အရေးနိမ့်မှုနဲ့အတူ အဆင့် ၇ နေရာအထိကျဆင်းခဲ့သလို မန်စီးတီးကလည်း ဗီလာကိုအရေးနိမ့်ခဲ့တာကြောင့် အမှတ်လျော့ကျခဲ့တာဖြစ်ပါတယ်။ ရွန်းနီက အာဆင်နယ်ဟာ ၂၀၀၄ နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ အလားအလာများနေပေမယ့် အာတီတာအနေနဲ့ ဆုဖလားမရခဲ့ရင် အထုတ်ခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
အသက် ၄၃ နှစ်သားဟာ အာဆင်နယ်ကို ၂၀၁၉ မှာစတင်တာဝန်ယူခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာတင် အက်ဖ်အေဖလားရယူနိုင်ခဲ့ပါတယ်။ ဘီဘီစီသတင်းဌာနနဲ့အင်တာဗျူးမှာ အင်္ဂလန်စတားဟောင်းက “သူတို့မှာ ကောင်းမွန်တဲ့လူအင်အားကော ကစားသမားတွေပါရှိနေပါတယ်။ အာတီတာက အဲ့တာကိုစောင့်နေတာပါ။ သူတို့ဆုဖလားရဖို့ အရမ်းနီးစပ်နေပါပြီ။
ရာသီအချို့မှာ သူတို့အရမ်းကောင်းတဲ့အမှတ်တွေယူနိုင်ခဲ့ပါတယ်။ ဆုဖလားရဖို့လည်း တော်တော်လေးနီးစပ်ခဲ့ပါတယ်။ အာတီတာမှာ အခုတော့ လိဂ်ဖလားရယူနိုင်ဖို့ လုံလောက်တဲ့အနေအထားဖြစ်နေပါပြီ။ သူတို့ရလဒ်တွေအပြင် တိုက်စစ်ကော ခံစစ်ကစားသမားတွေကပါစွမ်းဆောင်ရည်ကောင်းပြသထားနိုင်ပါတယ်။ လက်ရှိမှာလည်း သူတို့အသင်းက ရေပန်းအစားဆုံးဖြစ်လာပါတယ်။ သူတို့လိဂ်ဖလားရယူနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
လုံလောက်တဲ့လူအင်အားအပြင် အတွေ့အကြုံလည်းပြည့်ဝနေပါပြီ။ ဆင်ခြေပေးလို့မရတော့ပါဘူး။ တကယ်လို့ လိဂ်ဖလားမရခဲ့ရင် နည်းပြအပြောင်းအလဲလုပ်ရပါမယ်”လို့ ရွန်းနီက ဖြေကြားခဲ့ပါတယ်။ ပဲလေ့စ်ကိုအနိုင်ရပြီးနောက် အာတီတာက အာဆင်နယ်ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကို ချီးကျူးခဲ့ပေမယ့် ချန်ပီယံဆုအတွက်တော့ နှိမ့်ချပြောဆိုခဲ့ပါတယ်။ “တကယ့်ကိုကြီးမားတဲ့နိုင်ပွဲပါ။ ကျွန်တော်တို့ ဒီပွဲက ခက်ခဲနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ပဲလေ့စ်ကိုလည်း ဂုဏ်ပြုချင်ပါတယ်။ သူတိ့ု ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ အခုလိုစုစည်းမှုကောင်းတဲ့အသင်းရင်ဆိုင်ရာမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒုတိယဂိုးတော့မရခဲ့ပေမယ့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။
သူတို့က တကယ့်ကိုခက်ခဲတဲ့အသင်းပါ။ ကျွန်တော်တို့ သူတို့ကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ချန်ပီယံဆုက ပြောဖို့စောနေပါသေးတယ်။ အခုမှအောက်တိုဘာပဲရှိနေပါသေးတယ်။ ခံစားချက်ကတော့ မြင့်မားနေပြီး ကျွန်တော်တို့ ပိုကောင်းလာဦးမှာပါ။ လာမယ့်ဘရိုက်တန်နဲ့ကာရာဘောင်ပွဲကို အာရုံစိုက်ရပါမယ်”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။