The network connection is lost.

Banner Image

အာတီတာနဲ့ အာဆင်နယ် ကစားသမားတွေကြားမှာ ယုံကြည်မှုပြဿနာတွေ ရှိနေနိုင်တယ်လို့ သုံးသပ်ပြောဆိုလာတဲ့ ဝဲလ်ကော့

အာဆင်နယ်ကစားသမားဟောင်း သီယိုဝဲလ်ကော့က ယနေ့နံနက်က အာဆင်နယ်ဟာ ပေါ်တိုကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းနည်းပြ အာတီတာနဲ့ ကစားသမားတွေကြားမှာ ယုံကြည်မှုပြဿနာတွေရှိနေနိုင်တယ်လို့ သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ယနေ့နံနက်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပေါ်တူဂီကလပ်ပေါ်တိုကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ဂိုးမရှိသရေ ရလဒ်နဲ့ ပွဲပြီးဆုံးပြီလို့ ယူဆခဲ့ရပေမယ့် ပွဲပြီးကာနီးအချိန်ပိုမှာ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ၁-၀ နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အသင်းရဲ့ကစားသမားဟောင်း ဝဲလ်ကော့က အာတီတာဟာ အာဆင်နယ်ရဲ့အရန်ခုံက ကစားသမားတွေဖြစ်တဲ့ အယ်လီနီ၊ ဗီအဲရာ၊ စမစ်သ်ရိုး၊ နယ်လ်ဆင်၊ အန်ကီတီယာတို့နဲ့ ယုံကြည်မှုပြဿနာတွေ ရှိနေတယ်လို့ထောက်ပြလာခဲ့တာဖြစ်ပါတယ်။

ဝဲလ်ကော့က “ကျွန်တော်လည်း အရင်က ဘယ်တောင်ပံနေရာမှာ အာဆင်နယ်အတွက်ကစားပေးခဲ့ဖူးလို့ အဲဒီနေရာမှာ ဘယ်လိုကစားရလဲသိပါတယ်။ မာတင်နယ်လီလည်း ဒီနေရာမှာကစားတာပဲ။ သူအလုပ်အများကြီးလုပ်ရလို့ ပင်ပန်းနိုင်တယ်။ သူက တကယ်ကိုကြိုးကြိုးစားစားကစားတာပါ။ နောက်တန်းအထိလိုက်ပြီး ကစားတာကိုမြင်ခဲ့ရပါတယ်။ ဒါပေမယ့် သူဘောလုံးဆုံးမှုတွေရှိပါတယ်။ ဒါပေမယ့် အာတီတာက သူ့ကိုလူစားမလဲပါဘူး။ ဒါကြောင့် အာတီတာအနေနဲ့ သူ့ရဲ့အရန်ကစားသမားတွေပေါ်မှာ ယုံကြည်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ”

“အိမ်ကွင်းမှာ ပြန်ကစားတဲ့အချိန်မှာတော့ လုံးဝကွဲပြားခြားနားသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် နည်းပြတစ်ယောက်အနေနဲ့ အသင်းရဲ့ကစားပုံရပ်တန့်နေချိန်မှာ လူစားဝင်နိုင်တဲ့ကစားသမားတွေကို သတိရမှဖြစ်ပါမယ်” “အာတီတာက အာဆင်နယ်ကို ပွဲတိုင်းလိုလိုဒီလူစာရင်းအတိုင်း ကစားနေတာကြောင့် ဘယ်သူကဘယ်နေရာမှာကစားမယ်ဆိုတာ အားလုံးလည်းအလွတ်ရနေပါပြီ။ အချို့ကစားသမားတွေက ချန်ပီယံလိဂ်မှာ အတွေ့အကြုံမရှိတာကြောင့် ဒီလိုခက်ခဲနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသင်းမှာက မိုဟာမက်အယ်လီနီတို့လို ဝါရင့်ကစားသမားတွေရှိနေပါတယ်။ ပြီးတော့ ဂျော်ဂျင်ဟိုလိုကစားသမားတွေလည်းရှိနေတာပါပဲ”

“မာတင်နယ်လီက အနည်းငယ်ပင်ပန်းနေခဲ့တယ်လို့ အကြောင်းပြလို့ရပေမယ့် ဂိုးသမားရဲ့အနေအထားကလည်း မေးခွန်းထုတ်စရာပါ။ သူက တစ်ခါတလေမှာ ပြောင်မြောက်တယ်လို့ထင်ရပေမယ့် တစ်ခါတလေကျပြန်တော့လည်း ထင်သလိုဖြစ်မလာပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ အာဆင်နယ်အနေနဲ့ ပေါ်တိုကို သက်တောင့်သက်သာအနိုင်ယူပြီး နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်မယ်လို့ ဝဲလ်ကော့ကယုံကြည်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းက “ပထမအကျော့တွေက အမြဲတမ်းခက်ခဲပါတယ်။ ဒီလိုရလဒ်ကလည်း ဖြစ်နေကျပါ။ လိုအပ်နေတဲ့ အဝေးဂိုးကိုမသွင်းနိုင်ခဲ့တာတော့ စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျွန်တော်အာဆင်နယ်ကို ယုံကြည်မှုရှိပါတယ်။ အမ်းမရိတ်စ်မှာ ကစားတတ်တဲ့သူတို့ရဲ့ ပုံစံကြောင့် နောက်တစ်ဆင့်ကို အေးအေးဆေးဆေးကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။