
ကစားသမားတွေ အနားယူချိန်အပြည့်အဝမရခဲ့လို့ လာလီဂါကို အပြစ်တင်လာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက အသင်းအနေနဲ့ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့ ယှဉ်ပြိုင်အပြီးမှာ နားချိန်အပြည့်အဝမရခဲ့ဘဲ စနေနေ့မှာပဲ လာလီဂါပွဲစဉ်အဖြစ် ဗီလာရီးရဲလ်နဲ့ ထပ်မံယှဉ်ပြိုင်ခဲ့ရလို့ လာလီဂါရဲ့ပွဲအချိန်ဇယားအပေါ် အပြစ်တင်လာခဲ့ပါတယ်။
ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို အချိန်ပိုနဲ့ ပင်နယ်တီတွေအထိ ယှဉ်ပြိုင်ခဲ့ရပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ သို့သော်လည်း အဆိုပါပွဲစဉ်အပြီး စနေနေ့မှာပဲ အန်ဆယ်လော့တီရဲ့အသင်းဟာ ဗီလာရီးရဲလ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့ရတာကြောင့် အနားယူချိန် စုစုပေါင်း ၆၆ နာရီသာ ရရှိခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့သတ်မှတ်ချက်အရ ကလပ်အသင်းတစ်သင်းဟာ အနားယူချိန်အနည်းဆုံး ၇၂ နာရီရှိရမှာဖြစ်တာကြောင့် လာလီဂါပွဲစဉ်ကို မဖြစ်မနေကစားခဲ့ရတဲ့ ရီးရဲလ်အတွက် အနားယူဖို့အချိန်က လုံလောက်မှုမရှိခဲ့ပါဘူး။အန်ဆယ်လော့တီအနေနဲ့ ဗီလာရီးရဲလ်နဲ့ပွဲစဉ်ကို တနင်္ဂနွေနေ့မှကစားခွင့်ပေးဖို့ တောင်းဆိုခဲ့သေးပေမယ့် အဆိုပါတောင်းဆိုမှုကို လာလီဂါက လျစ်လျူရှုခဲ့ပါတယ်။
ဒါကြောင့် အီတလီသားနည်းပြက “ကျွန်တော်တို့ ဒီနေ့ပွဲစဉ်ကို အနားယူချိန် ၇၂ နာရီအပြည့်အဝမရဘဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါမျိုးထပ်အဖြစ်ခံတော့မှာမဟုတ်ပါဘူး။ ၇၂ နာရီအနားမရဘဲနဲ့ မကစားတော့ပါဘူး။ ကျွန်တော်တို့ လာလီဂါကို ပွဲချိန်ပြောင်းပေးဖို့တောင်းဆိုခဲ့ပေမယ့် သူတို့ဘာမှမလုပ်ပေးခဲ့ပါဘူး။ ကျွန်တော်နားမလည်တော့ပါဘူး။ အနည်းဆုံးအနားယူချိန်က ၇၂ နာရီလို့သတ်မှတ်ပြီးသားပါ။ ကစားသမားတွေကိုအလေးမထားဘဲ ပိုက်ဆံရဖို့ပဲအလေးထားသလိုဖြစ်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းသားတွေအနေနဲ့ အနားယူချိန်အပြည့်အဝမရခဲ့ပေမယ့် ဗီလာရီးရဲလ်ကို ၁-၂ နဲ့အနိုင်ရရှိအောင် ကစားနိုင်ခဲ့ကြပြီး သွင်းဂိုး ၂ ဂိုးစလုံးကိုတော့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေတစ်ယောက်တည်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ပွဲကျန် ၂ ပွဲကစားဖို့ကျန်ရှိနေနေတဲ့ ဘာစီလိုနာကို ၃ မှတ်ဖြတ်ပြီး လာလီဂါအမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ တရားဝင်မီဒီယာချန်နယ်ကတော့ အခုလိုပြဿနာနဲ့ပတ်သက်ပြီး အသင်းအနေနဲ့ ဖီဖာရဲ့အကာအကွယ်ပေးမှုကို လိုအပ်နေကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။