ဒဏ်ရာပြဿနာကြောင့် လူးဝစ်စကယ်လီကို ချန်ပီယံလိဂ်ပွဲစဉ်မှ ချန်လှပ်ခဲ့ကြောင်း အသိပေးလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယနေ့နံနက်က ဒိုင်နမိုဇာဂရက်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အသင်းရဲ့လူစာရင်းမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တဲ့ နောက်ခံကြယ်ပွင့် လူးဝစ်စကယ်လီဟာ ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခံခဲ့ရခြင်းဖြစ်တယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။
ကာလာဖီအိုရီ၊ ဘန်ဝှိုက်နဲ့ တိုမီယာစုတို့ကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရတဲ့ အာဆင်နယ်အတွက် အသက်-၁၈ နှစ်အရွယ်ဘယ်နောက်ခံလူရဲ့ဒဏ်ရာဟာ နောက်ထပ်ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။ စကယ်လီဟာ ပြီးခဲ့တဲ့ စနေနေ့က အက်စတွန်ဗီလာကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ အာဆင်နယ်ရဲ့လေ့ကျင့်ရေးအစီအစဉ်ကို အဆုံးထိလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် ကစားသမားဟာ ဒိုင်နမိုဇာဂရက်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး အာတီတာအနေနဲ့ အဆိုပါပွဲစဉ်မှာ အသင်းရဲ့ဘယ်နောက်ခံနေရာအတွက် ဇင်ချန်ကိုကို အသုံးပြုခဲ့ပါတယ်။ စကယ်လီကို ချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အာတီတာက “မနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို သူအပြီးအထိ မလုပ်နိုင်ခဲ့ပါဘူး။ အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့လို့ ကြံ့ခိုင်မှုပြည့်ဝနေတဲ့အခြေအနေမှာမရှိခဲ့ပါဘူး။ ဒါကြောင့် မနေ့က အပြည့်အဝ လေ့ကျင့်ရေးမဆင်းနိုင်ခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
စကယ်လီအနေနဲ့ ဒိုင်နမိုဇာဂရက်နဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်နဲ့ပင် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ပွဲကြည့်စင်ကနေ ကြည့်ရှုခဲ့ရပေမယ့် အာဆင်နယ်ကတော့ ၃-၀ ဆိုတဲ့ရလဒ်ကိုပုံဖော်နိုင်ခဲ့ကာ အနိုင် ၃ မှတ်အပြည့်စုဆောင်းနိုင်ခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလန်သားဟာ ရက်အနည်းငယ်သာအနားယူဖို့လိုအပ်နေတာဖြစ်ပြီး ပြင်းထန်တဲ့ဒဏ်ရာပြဿနာမဟုတ်ဘူးလို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ကြွက်သားဒဏ်ရာပြဿနာကြောင့် အာဆင်နယ်ရဲ့နောက်ဆုံး ၃ ပွဲကိုလွဲချော်ခဲ့တဲ့ ကာလာဖီအိုရီအနေနဲ့ ယခုချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ပြီး လူစားလဲဝင်ရောက်ခွင့်မရခဲ့ပါဘူး။ အီတလီလက်ရွေးစင်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အာတီတာက “ကာလာဖီအိုရီကလည်း စကယ်လီလိုပါပဲ လေ့ကျင့်ရေးအပြည့်အဝမဆင်းနိုင်ခဲ့ပါဘူး။ မိနစ် ၂၀ လောက်ပဲ လေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒီလိုဒဏ်ရာပြဿနာတွေနဲ့ အသားကျဖို့ ကြိုးစားသွားရမှာဖြစ်ပြီး ဒါကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။