The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်အသင်းထံပြောင်းချင်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းထွက်ပေါ်နေတဲ့ လီဗာပူးစတား

စပိန်ကလာတဲ့သတင်းတွေအရ လီဗာပူးအသင်းညာနောက်ခံလူ အာနိုးလ်တစ်ယောက် ရီးရဲလ်အသင်းထံပြောင်းချင်တယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြနေကြပါတယ်။ အသက် ၂၆ နှစ်သားဟာ လီဗာပူးအသင်းနဲ့မကြာခင်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်နွေမှာ အလွတ်နဲ့ထွက်ခွာနိုင်တာဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်က အင်္ဂလန်သားကို စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေပေမယ့် သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းကလည်း လာမယ့်နွေမှာ ညာနောက်ခံလူနေရာမှာ အာနိုးလ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ မာကာသတင်းဌာနကတော့ အာနိုးလ်ဟာ သူ့အနေနဲ့ ရီးရဲလ်အသင်းထံပြောင်းချင်တယ်လို့ လီဗာပူးကိုအသိပေးခဲ့ကြောင်းဆိုပါတယ်။

သတင်းတွေအရ လီဗာပူးအသင်းဟာ အာနိုးလ်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပေမယ့် ကစားသမားက ရီးရဲလ်ထံသာ ပြောင်းချင်နေတယ်လို့ ဆိုပါတယ်။ လာမယ့်ဆောင်းဈေးကွက်မှာ ရီးရဲလ်အသင်းက အာနိုးလ်ကို ချိတ်ဆက်ဖွယ်ရှိနေပေမယ့် လီဗာပူးအသင်းဘက်ကတော့ ဆက်ထိန်းဖွယ်ရှိနေပါတယ်။ လီဗာပူးအသင်းဟာ အာနိုးလ်အပြင် ဗန်ဒိုက် နဲ့ ဆာလက်တို့ကိုလည်း ဆက်ထိန်းရဦးမှာဖြစ်ပြီး ၂ ဦးစလုံးဟာ မကြာခင်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အဆိုပါကစားသမား ၃ ဦးအခြေအနေနဲ့ပတ်သက်ပြီး စလော့တ်က “လက်ရှိအချိန်မှာ သိရတာရှိရင်ပြောနိုင်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ကျွန်တော်တို့ စာချုပ်အခြေအနေတွေအကြောင်းပြောလေ့မရှိပါဘူး။ သူတို့ထဲကတစ်ယောက်ယောက် စာချုပ်သက်တမ်းတိုးခဲ့ရင် အဲ့တာက အံ့သြစရာဖြစ်လာမှာပါ။ ဆက်မေးနေပါ။ ဘာလို့လဲဆိုတော့ အဲ့တာက ခင်ဗျားတို့အလုပ်မလို့ပါ။ ဒါပေမယ့် ကျွန်တော့်ဆီကနေ ဘာမှသိရမှာမဟုတ်ပါဘူး။

ဇန်နဝါရီ ၁ ရက်နေ့က ရှင်းလင်းပါတယ်။ အရာအားလုံးက ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေတာတွေရှိနေပါတယ်။ အဲ့တော့ ဆက်လက်စောင့်ကြည့်ရပါမယ်။ လက်ရှိစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် နည်းပြတစ်ဦးအနေနဲ့ပြောချင်တာကတော့ သူတို့နဲ့ပျော်နေပါတယ်”လို့ စလော့တ်က ဖြေကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။