The network connection is lost.

Banner Image

ကမ္ဘာ့အဆင့်ဗဟိုတိုက်စစ်မှူးတစ်ဦးအဖြစ် ဒါဝင်နူနက်ဇ်ကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ လူးဝစ်ဆွာရက်ဇ်

အန်ဖီးလ်မှာ အတက်အကျများစွာ ကြုံတွေ့ခဲ့ရတဲ့ ဘောလုံးရာသီတစ်ခုရှိခဲ့ပေမယ့် ဒါဝင်နူနက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံးဗဟိုတိုက်စစ်မှူးစာရင်းမှာ ပါဝင်နေတယ်လို့ လက်ရွေးစင်အသင်းဖော်၊ ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လီဗာပူးအသင်းနဲ့အတူ တည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဥရုဂွေးသားက ပြိုင်ပွဲစုံ ၅၄ ပွဲ ပါဝင်ကစားကာ ၁၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒါဝင်နူနက်ဇ်က ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီး ကိုပါအမေရိကဆုဖလားကြီးကို အမိမြေဆီ အရောက်သယ်ဆောင်ယူသွားနိုင်ဖို့နဲ့ သူ့ရဲ့အကောင်းဆုံးပုံစံကို ရှာဖွေနိုင်ဖို့ ကြိုးစားပြင်ဆင်နေပါတယ်။

လတ်တလောသွင်းဂိုးမှတ်တမ်းတွေကြောင့် ဒါဝင်နူနက်ဇ်တစ်ယောက် ဝေဖန်မှုတွေကြား ကျရောက်နေပေမယ့် ဆွာရက်ဇ်ကတော့ ထုံးစံအတိုင်း လူငယ်တိုက်စစ်မှူးနဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဆွာရက်ဇ်က " ဒီနေ့မှာဆိုရင် ဒါဝင်နူနက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံးဗဟိုတိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် ပါဝင်လာပါပြီ။ သူ့ရဲ့ကစားဟန်နဲ့ သူ့ရဲ့ကစားပုံကို စောင့်ကြည့်နေရတာ ကျွန်တော်ကြိုက်ပါတယ်။ ပင်နဲရိုးမှာ ရှိနေစဉ်ကတည်းက ကျွန်တော် ဒါဝင်နူနက်ဇ်အကြောင်းကို တစုံတဦးဆီ ပြောပြခဲ့ဖူးပါတယ်။ သူ ဟက်ထရစ်သွင်းယူခဲ့တဲ့ပွဲစဉ်တစ်ခုအပြီး သူ့ရဲ့ခြေစွမ်းပိုင်းက ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကတည်းက ဒါဝင်နူနက်ဇ် အခွင့်အရေးတွေ အများကြီးဖြုန်းတီးပစ်တယ်လို့ ပြောဆိုခဲ့ကြပေမယ့် ဂိုးတွေလည်း အများကြီးသွင်းယူနိုင်ခဲ့ပါတယ်။ သူတို့တွေက ကျွန်တော့်ကိုလည်း ဒီအကြောင်းပြချက်နဲ့ပဲ ဝေဖန်ခဲ့ကြဖူးပေမယ့် အရေးအကြီးဆုံးအရာကတော့ ဒီဝေဖန်မှုတွေကို ကျော်လွှားသွားနိုင်ရေး အမြဲတမ်းကြိုးစားနေဖို့ပါပဲ။ သူ ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး။ သူ့ဆီမှာရှိနေတဲ့ အထူးစွမ်းဆောင်ရည်တွေကိုလည်း ကျွန်တော် အမြဲတမ်းမြင်တွေ့ထားခဲ့ပါတယ်။ ရှေ့ဆက်ချင်တဲ့ဆန္ဒ၊ တိုးတက်ချင်တဲ့စိတ်၊ ရည်မှန်းချက်တွေဆိုတာ တိုက်စစ်မှူးတိုင်းမှာ ရှိနေရပါမယ်"လို့ လေးလေးနက်နက်ပြောကြားခဲ့ပါတယ်။

တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု၊ အချင်းချင်းအပြန်အလှန်ကူညီပေးနေမှုတွေက ဒါဝင်နူနက်ဇ်နဲ့ လူးဝစ်ဆွာရက်ဇ်တို့အကြား ရင်းနှီးမှုလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဆွာရက်ဇ်က " တိုးတက်လာအောင်လုပ်ဖို့၊ စကားစမြည်ပြောဖို့ ဒါဝင်နူနက်ဇ် ကျွန်တော့်ဆီ အမြဲတမ်းရောက်လာလေ့ရှိပါတယ်။ သူက အံ့ဖွယ်ကောင်လေးတစ်ယောက်ပါ။ သူ့အတွက် ကျွန်တော်က သူရဲကောင်းတစ်ဦးလို့ပြောရတာ အတော်လေးကို ထူးခြားပါတယ်။

လက်ရွေးစင်အသင်းဆီ ရောက်ရှိလာချိန်ကတည်းက ဒါဝင်နူနက်ဇ်က ကျောနံပါတ်-၉ ဂျာစီဟာ ကျွန်တော့်အတွက်ပဲဖြစ်ရမယ်ဆိုတာကို ကျွန်တော့်ဆီ ပြောပြခဲ့ဖူးပါတယ်။ ဒါက အရမ်းကောင်းတဲ့ စရိုက်လက္ခဏာဖြစ်လို့ တန်ဖိုးထားသွားရပါမယ်" လို့ မှတ်ချက်ပြုပါတယ်။

ဥရုဂွေးလက်ရွေးစင်အသင်းဆီ ဆွာရက်ဇ်ပြန်လည်ပါဝင်လာပြီးနောက် ဒါဝင်နူနက်ဇ်က ကျောနံပါတ်-၉ ဂျာစီကို စွန့်လွှတ်ခြင်းဖြင့် သူ့ရဲ့အိုင်ဒေါအပေါ် လေးစားမှု ပြသခဲ့ပါတယ်။ ဒါက သူတို့နှစ်ဦးအကြား ခင်မင်ရင်းနှီးမှုနဲ့ အပြန်အလှန်လေးစားမှုတို့ကို ဖော်ညွှန်းပြသနေပြီး ကွင်းတွင်းမှာ အတွေ့အကြုံရင့်ကျက်မှုနဲ့ ငယ်ရွယ်နုပျိုမှုပေါင်းစပ်ထားနိုင်ခြင်းကို အသိအမှတ်ပြုပေးသွားရပါလိမ့်မယ်။

သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်နဲ့ အရည်အသွေးတွေကို အင်တာမီယာမီအသင်းနဲ့အတူ အထင်ကြီးလောက်စရာ တစ်ရာသီကြာ ပြသနိုင်ခဲ့ပြီးနောက် ဥရုဂွေးလက်ရွေးစင်အသင်းမှာ အသက်-၃၇ နှစ်အရွယ် လူးဝစ်ဆွာရက်ဇ် ပါဝင်လာခဲ့ပါတယ်။ လီဗာပူးနဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းက ဒါဝင်နူနက်ဇ်နဲ့အတူ ကိုပါအမေရိကဆုဖလားကြီးကို ဥရုဂွေးနိုင်ငံဆီ သယ်ဆောင်သွားဖို့ မျှော်လင့်နေပါလိမ့်မယ်။ သူတို့တွေက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ပနားမားနဲ့ ရင်ဆိုင်ကစားကာ ကိုပါအမေရိကပြိုင်ပွဲခရီးစဉ်ကို စတင်သွားပါလိမ့်မယ်။