
လီဗာပူးနဲ့စာချုပ်သက်တမ်းတိုးမြှင့်ပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှုအကြောင်း ဖွင့်ဟလာတဲ့ ဂတ်ပို
အခုအပြောင်းအရွှေ့ဈေးကွက်အတွင်း ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ ဂတ်ပိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးက သူ့ရဲ့စာချုပ်သစ်ချုပ်ဆိုမှုမှတဆင့် လီဗာပူးအပေါ်ထားရှိတဲ့ ရေရှည်ကတိကဝတ်ကို သက်သေပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂတ်ပိုက ပြီးခဲ့တဲ့စနေနေ့မှာပဲ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးပြီးပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးဆီပြောင်းရွှေ့ခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်၊ ဘီလ်ဘာအိုနဲ့စာချုပ်သက်တမ်းတိုးခဲ့တဲ့ နီကိုဝီလျံစ်တို့ကြောင့် ဂတ်ပိုက တိုက်စစ်ပိုင်းအင်အားတိုးမြှင့်ချင်တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှု ကို ရရှိခဲ့ပါတယ်။
နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့ အမိမြေဆီ ရောက်ရှိနေချိန် ESPN သတင်းဌာနနဲ့အင်တာဗျူးမှာ ဂတ်ပိုက ဇူလိုင်နှောင်းပိုင်း၊ ပေါင် ၆၅ သန်းဖြင့် ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေ့သွားတဲ့ လူးဝစ်ဒီယက်ဇ်မတိုင်ခင် ဂျာမန်ဘီလူးကြီးရဲ့စိတ်ဝင်စားမှုရရှိခဲ့ပုံအကြောင်း ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီး ပီအက်စ်ဗွီတိုက်စစ်မှူးဟောင်းက ၂၀၂၈ ခုနှစ်အထိ မာဆေးဆိုဒ်မှာရှိနေစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုနိုင်ဖို့ ဘယ်လိုပုံစံမျိုးညှိနှိုင်းခဲ့ရသလဲဆိုတာလည်း ပြောပြခဲ့ပါတယ်။ ဂတ်ပိုက “ စာချုပ်သစ်အတွက် တစ်နှစ်လောက် အချိန်ယူခဲ့ရတယ်လို့ ထင်ပါတယ်။ အချိန်က ဒီထက် နည်းချင်လည်း နည်းနိုင်သလို များချင်လည်း များနိုင်ပါတယ်။ ဒါပေမယ့် အလွန်ရှည်လျားခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
ကျွန်တော်နားလည်သလောက်တော့ ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှုကို ကျွန်တော်ရရှိခဲ့ပေမယ့် အဆုံးမှာတော့ သူတို့တွေက လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူခဲ့ပါတယ်။ ပျော်စရာကောင်းပါတယ်။ ဒါက ကျွန်တော့်အတွက် မတူကွဲပြားတဲ့အတွေ့အကြုံတစ်ခုပါပဲ။ အပြောင်းအရွှေ့ဈေးကွက်တစ်ခုက ကစားသမားတစ်ဦးနဲ့ သူ့ပတ်ဝန်းကျင်မှာရှိနေသူတွေကို စိတ်အားထက်သန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ အနှောင့်အယှက် မဖြစ်ပါဘူး။
ကိစ္စတွေကလည်း အများကြီးဖြစ်ပျက်နေလို့ အတော်လေးခက်ခဲခဲ့ပါတယ်။ အခြားကလပ်အသင်းတွေ ကိုယ့်ဆီ ရောက်လာပေမယ့် ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ကလပ်အသင်းမှာပဲ ရှိနေချင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း ကိုယ့်ဇာတ်လမ်းအတိုင်းပဲ ဆက်သွားရပါတယ်။ ဒါပေမဲ့ သေချာပေါက်ခက်ခဲပါတယ်။ အနာဂတ်သာ မရေမရာဖြစ်နေမယ်ဆိုရင် မတူကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်တောင် ဖြစ်သွားနိုင်ပါတယ်”လို့ ပြောပါတယ်။