
မိုးပေါ်ကနေ ဖြေရှင်းနည်းတွေ ကျဆင်းလာမှာမဟုတ်ဘူးလို့ မန်စီးတီးအသင်းကို သတိပေးလိုက်တဲ့ ပက်ဂွါဒီယိုလာ
နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက် မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက သူ့အသင်းစွမ်းဆောင်ရည်ပိုင်းအတွက် အဖြေရှာတွေ့ဖို့တောင် ရုန်းကန်နေရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ဟတ်ဆန်အိုဒွိုင်းရဲ့ပွဲချိန်နှောင်းပိုင်းသွင်းဂိုးက မန်စီးတီးအသင်းကို အခုရာသီ၊ ပရီးမီးယားလိဂ်ကိုးကြိမ်မြောက်ရှုံးနိမ့်မှုနဲ့ တွေ့ကြုံစေခဲ့ပါတယ်။ အခုသွင်းဂိုးအတွက် တောင်ပံကစားသမားအီဒါဆန်ပိတ်ထားတဲ့ ဂိုးထောင့်ကို ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ အခုရှုံးနိမ့်မှုအတွက် သူ့ရဲ့ဂိုးသမားအပေါ် အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
အခုရှုံးပွဲနဲ့အတူ မန်စီးတီးအသင်းက အမှတ်ပေးဇယားတတိယနေရာရှိ နော်တင်ဟမ်ဖောရက်စ်နဲ့ လေးမှတ်ကွာဟသွားပြီး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် လက်ရှိချန်ပီယံတွေ အရည်အချင်းပြည့်မီပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ အခုထက်ပိုကောင်းအောင် ကစားနိုင်မယ့်နည်းလမ်း ရှာဖွေသွားရပါမယ်။ နိုင်ပွဲတွေ စတင်သွားဖို့အတွက်လည်း လိုအပ်နေပါတယ်။ ကျွန်တော်တို့အတွက် လုံလောက်မယ့် နိုင်ပွဲဆက်မှုတွေ မရရှိသေးပါဘူး။ လက်ရှိဖြစ်နေတာက ဒါပါပဲ။ အဖြေတွေဆိုတာ မိုးပေါ်ကနေကျလာမှာမဟုတ်လို့ ကျွန်တော်တို့ တစ်ခုခုတော့ လုပ်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
နော်တင်ဟမ်ဖောရက်စ်ရဲ့အနိုင်ဂိုးမှာ ဂိုးသမားအီဒါဆန်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ သူက “ ဖြစ်ပျက်နေတဲ့အရာတွေက ဒါပါပဲ။ ကျွန်တော်ကတော့ ဘယ်တုန်းကမှ ကစားသမားတစ်ဦးတည်းကို အပြစ်မပုံချချင်ပါဘူး။ အဖြစ်အပျက်ကို ကျွန်တော် မမြင်တွေ့ခဲ့ရပေမယ့် သေချာပေါက်ဖြစ်ပျက်ခဲ့ပါတယ်။ လက်ကျန် ၁၀ ပွဲ ကစားရပါဦးမယ်။ နော်တင်ဟမ်ဖောရက်စ်က အသင်းကောင်းတစ်ခုဖြစ်တာကြောင့် သူတို့ရှိရမယ့်နေရာမှာ ရှိနေပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ပက်ဂွါဒီယိုလာက လက်ကျန်ပွဲစဉ် ၁၀ ပွဲဟာ သူ့အသင်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် ဗိုလ်လုပွဲတွေလို ဖြစ်လာပြီလို့ ပြောခဲ့ပါတယ်။ သူတို့တွေက လာမယ့်သီတင်းပတ်ကုန်မှာ ဘရိုက်တန်ကို ဧည့်ခံကစားရပါမယ်။ မတ်လနိုင်ငံတကာသီတင်းပတ်အပြီးမှာတော့ မန်စီးတီးက အက်ဖ်အေဖလားကွာတားဖိုင်နယ်အဖြစ် ဘုန်းမောက်နဲ့ ရင်ဆိုင်ရပါမယ်။