
အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ပွဲအတွက် လီဗာပူးနဲ့ ပွဲကလို မဖြစ်ဖို့ နည်းပြ အာတီတာကို သတိပေးလိုက်တဲ့ အွန်နရီ
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲအနိုင်ရရှိခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့က အန်ဖီးလ်ကွင်းမှာ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာကတော့ တစ်ပွဲတည်းသော ရှုံးပွဲပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အာတီတာရဲ့အသင်းဟာ အက်သလက်တစ် ဘီလ်ဘာအိုအသင်းကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အနိုင်ရလဒ်နဲ့ ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ အီတီဟတ်ဒ်ကွင်းမှာ မန်စီးတီးအသင်းကို အိမ်ရှင်အဖြစ်လက်ခံကစားဖို့အတွက် ပရီးမီးယားလိဂ်ကို အာရုံစိုက်နေပါပြီ။ အွန်နရီကတော့ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ဥရောပရဲ့ အသန်မာဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့အသင်းဟောင်းဟာ ချန်ပီယံဆုပြိုင်ဘက်တွေနဲ့ ကစားတဲ့ပွဲစဉ်တွေကို သရေကျဖို့ပဲ အာရုံစိုက်ပြီး မကစားသင့်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
“လက်ရှိမှာတော့ အရည်အသွေးပိုင်းအရ အာဆင်နယ်လို အင်အားစုအများကြီးရှိတဲ့ အသင်းမျိုး ဘယ်သူမှ မရှိပါဘူး” လို့ အွန်နရီက CBS Sports ရဲ့ ချန်ပီယံလိဂ်အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ “အချို့အသင်းတွေက အာဆင်နယ်ကို ပွဲထွက်လူစာရင်းအပေါ် စိန်ခေါ်နိုင်ပေမဲ့ အသင်းတစ်ခုလုံးကို ကြည့်လိုက်ရင် အသင်းနှစ်သင်းစာနီးပါး ရှိပါတယ်။ ဒီညမှာ အရံလူစာရင်းကို ကြည့်လိုက်ရင် မာတင် အိုဒီဂတ်၊ ကိုင်း ဟာဗက်ဇ်၊ ဘူကာယို ဆာကာ၊ ဂါဘရီယယ်လ် ဂျီးဆပ်စ်တို့ မရှိသေးပါဘူး။ ဒီကစားသမားတွေကို ကြည့်လိုက်ရင် အသင်းက ပြိုင်ပွဲအားလုံးမှာ ကစားဖို့အတွက် ကောင်းကောင်းတပ်ဆင်ထားပါတယ်”
“ဒါပေမဲ့ အခုတော့ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီနှစ်မှာ တစ်ခုခု အနိုင်ရရှိဖို့က မဖြစ်မနေလိုအပ်နေပါပြီ။ ဒါက မဖြစ်မနေပါ။ သင် ပုန်းနေလို့ မရပါဘူး” “ဘယ်လိုဖလားမျိုးမဆို တစ်ခုခု ရရှိရပါမယ်။ လူတွေက ချန်ပီယံဆုအကြောင်း ပြောကြလိမ့်မယ်ဆိုတာကို ကျွန်တော်သိပါတယ်။ အဲဒါက လီဗာပူးနဲ့ အာဆင်နယ်တို့ကြားက တိုက်ပွဲတစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မန်စီးတီးအသင်းကိုလည်း အခုအချိန်မှာ လျှော့တွက်လို့မရသေးပါဘူး။ သူတို့က ကစားသမားသစ်တွေနဲ့ အရာရာအသစ်တွေကို စမ်းသပ်နေကြပါတယ်” လို့ အွန်နရီက ဆက်လက်ပြောကြားခဲ့ပါတယ်။
“ဒီနှစ်မှာ သင်တစ်ခုခုအနိုင်ရရှိရမယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ အရာတွေအကြောင်း ပြောမယ်ဆိုရင် ဒုတိယနေရာက သင့်ကို ဖလားမပေးခဲ့ပါဘူး။ ဒါက ကောင်းပါတယ်၊ ဒါပေမဲ့ တစ်ချိန်ချိန်မှာ သင်လုပ်ဆောင်နေတဲ့အရာကို သက်သေပြဖို့ လိုအပ်ပါတယ်”
“ဒါက ဖြစ်နိုင်သေးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ဒဏ်ရာတွေအကြောင်း ပြန်ပြောလို့မရတော့ပါဘူး။ ဒဏ်ရာတွေက အခြားကလပ်တွေမှာလည်း ဖြစ်ပွားနေပါတယ်။ ပီအက်စ်ဂျီကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံတကာပွဲတွေနားချိန်ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်”
“ဒါပေမဲ့ ဒီနှစ်မှာ တစ်ခုခုရရှိရပါမယ်။ ဆင်ခြေတွေမရှိတော့ပါဘူး။ သင့်မှာ အခုလူစာရင်းရှိနေပါပြီ။ စွမ်းဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေ အားလုံးကိုလည်း ပိုင်ဆိုင်ထားပါပြီ” လို့ အွန်နရီက ထောက်ပြခဲ့ပါတယ်။ “ပရိသတ်တစ်ဦးအနေနဲ့တော့ ကျွန်တော် အမြဲတမ်းလုပ်ခဲ့သလိုပဲ အသင်းကို ပံ့ပိုးပေးပါ့မယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ ရိုးသားဖို့ လိုပါတယ်။ ဒီနှစ်က မဖြစ်မနေလိုအပ်တဲ့နှစ်ပါပဲ။ ဆင်ခြေတွေမရှိတော့ပါဘူး”
“ဥပမာ နောတင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ သူလုပ်ခဲ့သလိုပဲ ကစားသမားတွေကို အလှည့်ကျအသုံးပြု နိုင်မယ်ဆိုရင် သူ ဒီရာသီမှာ ပိုပြီးတော့တောင် လုပ်ဆောင်နိုင်မှာပါ။ ကျွန်တော်က ကလပ်မှာ ဘယ်သူမရှိဘူးဆိုတာကို ပြောနေတာမဟုတ်ပါဘူး။ ဒီနှစ်မှာ တစ်ခုခု အနိုင်ရရှိရမယ်လို့ ပြောနေတာပါ” လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်သာ ကစားသမားတစ်ဦးဆိုရင် အမှတ်ပေးချန်ပီယံဆုကို ပစ်မှတ်ထားပါ့မယ်။ ပရိသတ်တစ်ဦးအနေနဲ့တော့ ကျွန်တော့်ရဲ့ကလပ်က တစ်ခုခု အနိုင်ရရှိစေချင်ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့တော့ ချန်ပီယံဆုအတွက် သွားပါ့မယ်”
“ချန်ပီယံဆုအတွက် ကစားတဲ့အခါ သင်သွားပြီးယူရမှာပါ။ ပွဲမရှုံးဖို့အတွက် ကစားတာမျိုး မဟုတ်ပါဘူး။ လီဗာပူး ဒါမှမဟုတ် မန်စီးတီးကို အနိုင်ရချင်တယ်ဆိုရင် သင်သွားပြီးယူရမှာပါ၊ ‘ဒီပွဲတော့ မရှုံးအောင် ကစားရမယ်’ ဆိုတဲ့စိတ်နဲ့ ပွဲကိုဝင်လို့ မရပါဘူး။ ကျွန်တော့်အချိန်တုန်းက အမှတ်ပေးချန်ပီယံဆုကို အနိုင်ရချင်တယ်ဆိုရင် ယူနိုက်တက်ကို အနိုင်ယူရမှာပါ။ ‘ဒီပွဲတော့ သရေကျအောင် ကြည့်ရအောင်’ ဆိုပြီး သွားလို့မရပါဘူး” လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက လီဗာပူးကို ၁-၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ရဲ့ချဉ်းကပ်မှု ဒီလိုမျိုးဖြစ်ခဲ့သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အွန်နရီက “အဲဒီပွဲမှာတင် မဟုတ်ပါဘူး၊ အဲလိုအကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
“၂၀၂၄ ခုနှစ်တုန်းက အိမ်ကွင်းမှာ အက်စ်တွန်ဗီလာကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို သင်သေချာပေါက် မှတ်မိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နည်းပြ အာတေတာက တိုက်စစ်မှူးကို ထုတ်ပြီး ခံစစ်ကွင်းလယ်လူကို ထည့်သွင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ သူက ပွဲမရှုံးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ဆုံးမှာ ရှုံးခဲ့ပါတယ်။ ဝက်ကင်းက ဂိုးသွင်းခဲ့ပါတယ်။ ကျွန်တော်တို့သာ အဲဒီပွဲအနိုင်ရခဲ့မယ်ဆိုရင် မန်စီးတီးကို ကျော်တက်ခဲ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး”
“ကျွန်တော်ပြောနေတာကတော့ အမှတ်ပေးချန်ပီယံဆုကို အနိုင်ရချင်တယ်ဆိုရင် သင်သွားပြီးယူရပါမယ်” လို့ အွန်နရီက ထပ်မံပြောကြားခဲ့ပါတယ်။