The network connection is lost.

Banner Image

အန်တိုနီ၊ ဆန်ချိုနဲ့ ဂါနာချိုတို့ကို အပြီးသတ်မရောင်းနိုင်ပါက အသင်းမှာပဲဆက်ထားသွားမယ်လို့ ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က ယခုနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ အန်တိုနီ၊ ဂျေဒန်ဆန်ချိုနဲ့ အလီဂျန်ဒရိုဂါနာချိုတို့ကို အပြီးသတ်ရောင်းချဖို့သာပြင်ဆင်ထားတာကြောင့် ရောင်းချနိုင်ခြင်းမရှိပါက အငှားနဲ့ထွက်ခွာခွင့်ပြုမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယခုအခါမှာ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်သို့ရောက်ရှိနေတာဖြစ်ပြီး အဆိုပါကစားသမား ၃ ဦးဟာ အသင်းရဲ့လူစာရင်းမှာ လိုက်ပါလာခဲ့ခြင်းမရှိပါဘူး။ 

အပြောင်းအရွှေ့ကာလက စက်တင်ဘာလ ၁ ရက်နေ့မှသာ ပိတ်သိမ်းမှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ကြယ်ပွင့်ကစားသမားတွေကိုရောင်းချနိုင်ဖို့ လုံလောက်တဲ့အချိန် ရှိနေပါသေးတယ်။ ယခုအခါမှာ အာမိုရင်က “အချို့ကစားသမားတွေကတော့ နေရာရဖို့အတွက် အသင်းသစ်တွေကို ပြောင်းရွှေ့ရပါလိမ့်မယ်။ သူတို့ကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကို အသင်းသစ်တွေမှာ ရင်ဆိုင်ချင်နေကြပါတယ်။ ကျွန်တော်တို့အခုချိန်မှာ သူတို့စဉ်းစားဖို့နဲ့ ဆုံးဖြတ်နိုင်ဖို့ အချိန်ပေးထားပါတယ်။ ဒါပေမယ့် သူတို့ အသင်းမှာပဲဆက်နေချင်တယ်ဆိုရင်လည်း အသင်းနဲ့ ချိတ်ဆက်ခွင့်ပြုသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော်တို့ရဲ့ကစားသမားတွေပါပဲ”

“အသင်းရဲ့ တာဝန်ရှိသူတွေ၊ အားကစားဒါရိုက်တာတွေက သူတို့ရဲ့တန်ကြေးကို သတ်မှတ်ထားပြီးဖြစ်လို့ အဲဒီတန်ကြေးအတိုင်းမရရင် သူတို့ ယူနိုက်တက်မှာပဲ ဆက်နေသွားရပါမယ်။ ကမ်းလှမ်းမှုပြုလုပ်မယ့်အသင်းတွေကလည်း နောက်ဆုံးအချိန်အထိစောင့်သွားမယ့်ပုံပေါ်ပါတယ်။ ကျွန်တော့်ဘက်ကတော့ ကစားသမားတွေကို ပြန်လက်ခံဖို့ အဆင်သင့်ပါပဲ။ လာမယ့်နှစ် ကမ္ဘာ့ဖလားမှာ ပါဝင်ချင်တယ်ဆိုတာ သူတို့ ကစားရဖို့လိုပါတယ်” “ဒါပေမယ့် သူတို့သိရမှာက မန်ချက်စတာယူနိုက်တက်ဆိုတာ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတာပါပဲ။ ကျွန်တော့်အမြင်မှာ ဒီအသင်းကအကောင်းဆုံးပါပဲ။ ကောင်းမွန်တဲ့စိတ်ဓာတ်တွေနဲ့ ခိုင်မာတဲ့အသင်းတစ်သင်းကို တည်ဆောက်ဖို့ကျွန်တော်ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ အန်တိုနီ၊ဆန်ချိုနဲ့ ဂါနာချိုတို့ကိုရောင်းချပြီး ဘဏ္ဍာရေးအခြေအနေကို ထိန်းသိမ်းဖို့ ရည်ရွယ်ထားခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ကစားသမား ၃ ဦးစလုံးဟာ အသင်းမှာပဲ ဆက်လက်ကျန်ရှိနေကြသေးတာဖြစ်ပါတယ်။ အမေရိကန်မြေမှာ ခြေစမ်းပွဲကစားဖို့ရောက်ရှိနေတဲ့ ယူနိုက်တက်ဟာ လာမယ့်အပတ်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ အဲဗာတန်၊ ဘုန်းမောက်တို့နဲ့ ခြေစမ်းသွားရမှာဖြစ်ပါတယ်။