
The network connection is lost.

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကြယ်ပွင့် ဂျုဘယ်လင်ဟမ်ဟာ ယူနိုက်တက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ဂီတာဖေးသို့ အငှားနဲ့ မရောက်ရှိခင်မှာ စပိန်လာလီဂါသို့ ပြောင်းရွှေ့ရဖို့အကြံဉာဏ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။
ယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲကြောင်းကြေညာပြီးနောက် အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ ဂီတာဖေးသို့အငှားနဲ့ ပြောင်းရွှေ့ဖို့ ရုတ်တရက်သဘောတူညီခဲ့တဲ့ ဂရင်းဝုဒ်ရဲ့သတင်းဟာ ဘောလုံးလောကအတွင်းက လူအများအပြားကို အံ့အားသင့်စေခဲ့ပါတယ်။ အဓမ္မကျင့်ရန်ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက ယခုချိန်အထိ ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်မရရှိသေးတဲ့ဂရင်းဝုဒ်ဟာ ယခုအခါမှာတော့ ဂီတာဖေးသို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာခင်မှာပဲ စတင်ပွဲထွက်ကစားတော့မှာဖြစ်ပါတယ်။
RadioMarcaသို့ ဂီတာဖေးနည်းပြ ဘော်ဒါလက်စ်က "တကယ် အံ့အားသင့်စရာပါပဲ။ ဒီလိုပါရမီရှိတဲ့ ကစားသမားမျိုးကိုခေါ်ယူနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အားကစားဒါရိုက်တာ ရူဘင်ရေးရက်စ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး နှစ်ဖက်စလုံးက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကြိုးစားနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်က ဘယ်လင်ဟမ်ရဲ့အကူအညီမပါရင် ဖြစ်လာဖို့မလွယ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး "ဂရင်းဝုဒ်နဲ့ ဘယ်လင်ဟမ်တို့က သူငယ်ချင်းတွေဆိုတော့ ဘယ်လင်ဟမ်ကသူ့ကို လာလီဂါမှာလာကစားဖို့ အကြံပေးခဲ့ပါတယ်။ ဂရင်းဝုဒ်ကထူးချွန်တဲ့ ကစားသမားပါ။ ကျွန်တော်တို့သူ့ကို စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ရပါမယ်။ သူမကစားရတာ တစ်နှစ်ခွဲတောင်ကြာသွားပါပြီ။ ကျွန်တော်တို့အားလုံးနဲ့ သူ့ရဲ့မိတ်ဆွေက သူ့ကိုကူညီနေကြပါတယ်။ သူ့ရဲ့စိတ်လှုပ်ရှားဖွယ်နည်းလမ်းနဲ့ အတူ ကျွန်တော်တို့ကို ကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ ပြစ်ချက်တွေရှိတာကြောင့် အမျိုးသမီးတွေရဲ့ ဝေဖန်မှုတွေကိုခံနေရဆဲဖြစ်သော်လည်း ဂီတာဖေး အသင်းနဲ့ အသင်းရဲ့ ပရိသတ်တွေကတော့ ကောင်မွန်စွာ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။ ယခုအခါ ကစားသမားဟာ သူ့ရဲ့ချစ်သူ ဟာရီယက်ရော်ဘ်ဆင်နဲ့အတူ မက်ဒရစ်မြို့ထဲမှာ နေထိုင်လျက်ရှိပြီး သူငယ်ချင်းဖြစ်သူ ဘယ်လင်ဟမ် အနေနဲ့ ၎င်းကို စပိန်နိုင်ငံမှာ ဘဝသစ်စတင်နိုင်ဖို့ ဘယ်လိုကူညီပေးသွားနိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အသင်းမန်နေဂျာကလည်း ကစားသမားကို ခြေစွမ်းပြနိုင်ဖို့ အလျင်အမြန်တွန်းအားပေးသွားမှာမဟုတ်ဘဲ အချိန်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။