The network connection is lost.

Banner Image

ထူးချွန်လှတဲ့ဘောလုံးစွမ်းရည်နဲ့အတူ မန်စီးတီးကြယ်ပွင့်ဖြစ်လာခဲ့တဲ့ ဘရာဇီးလူငယ် ဆာဗင်ဟို

ဆာဗင်ဟိုက အခုဘောလုံးရာသီ၊ အသွင်သစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုအပိတ်ပွဲစဉ်အတွင်း တောက်ပတဲ့ခြေစွမ်းနဲ့အတူ မန်စီးတီးအတွက် စိတ်ပျက်စရာဘောလုံးရာသီတစ်ခုမှ ကပ်ဘေးတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားနိုင်တဲ့ အန္တရာယ်ကို တားဆီးကာကွယ်ပေးခဲ့ပါတယ်။ ပုံမှန်စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ပက်ဂွါဒီယိုလာရဲ့စံချိန်တင်ဆုရှင်တွေအကြားမှာ သူက ရှားရှားပါးပါးတောက်လောင်ခဲ့တဲ့ အီတီဟတ်မီးပွားတစ်ခု ဖြစ်ခဲ့ပါတယ်။

သူတို့နိုင်ငံမှာလည်း ဗင်နီးစီးယက်စ်၊ အန်းဒရစ်ခ်တို့လို လူငယ်ဘောလုံးကြယ်ပွင့်တွေ ရှိနေချိန်မှာတောင် အများက ဆာဗင်ဟိုကို ဘရာဇီးရဲ့အနာဂတ်စံပြဘောလုံးကစားသမားအဖြစ် ချီးကျူးနေကြပါတယ်။ ဒါတွေက ပရိသတ်အများစုမြင်ကွင်းရှေ့မှာမရှိတဲ့၊ ကာလတန်ကြေးထက် ပေါင် ၂၁ သန်းလောက် လျော့ချထားသော ပြောင်းရွှေ့ကြေးဖြင့် ယမန်နှစ်၊ နွေရာသီကာလမှာ အင်္ဂလန်မြေဆီခြေချလာသူ ပိန်ပိန်ပါးပါးတောင်အမေရိကသားအတွက် သိပ်မဆိုးလှပါဘူး။

အခြားသူတွေ မသိကြပေမယ့် ဆာဗင်ဟိုကို အဖိုးတန်ကျောက်ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ ပက်ဂွါဒီယိုလာကိုယ်တိုင် သိရှိထားခဲ့ပါတယ်။ ဆာဗင်ဟိုကလည်း အသက်-၁၂ နှစ်အရွယ်၊ အက်သလက်တီကိုမင်နဲရိုးအသင်းနဲ့ စတင်ပူးပေါင်းချိန်ကတည်းက ကြီးကျယ်ခမ်းနားမှုတွေကို တည်ဆောက်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

မန်စီးတီးအတွက် ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်အဆင့်တက်ရောက်နိုင်ရေး မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်နေတဲ့ ကလပ်ဘရုဂျက်နဲ့ပွဲစဉ်မှာလည်း အရန်ခုံတန်းမှတဆင့် ဝင်ရောက်ကစားတဲ့ ဆာဗင်ဟိုက တစ်ဂိုးသွင်းယူပေးခဲ့သလို အခြားနောက်ထပ်သွင်းဂိုးတစ်ဂိုးမှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။ အက်သလက်တီကိုမင်နဲရိုးနဲ့အတူ ကစားသမားဘဝစတင်ချိန်ကတည်းက ဆာဗင်ဟိုက အဆင့်တိုင်းမှာ သတင်းခေါင်းကြီးပိုင်းတွေဆီ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ ကလပ်အသင်းဘက်ကလည်း သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ စိန်ပွင့်တစ်ခု လက်ဝယ်ပိုင်ပိုင်ရရှိနေပြီဆိုတာ ချက်ချင်းသဘောပေါက်နားလည်ခဲ့ပါတယ်။

ဆာဗင်ဟိုက လူငယ်ကြယ်ပွင့်ကစားသမားဘဝတည်ဆောက်ဖို့အတွက် ဘောလုံးပညာကို နှစ်နှစ်လောက် သင်ကြားပြီးနောက် ကစားသမားအရည်အသွေးကို ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်တဲ့ နည်းပြတစ်ဦးရဲ့ အရန်ခုံတန်းဆီ ရောက်ရှိသွားခဲ့ပါတယ်။ အသက်-၁၄ နှစ်အရွယ်သာရှိသေးတဲ့ ဆာဗင်ဟိုကို အရန်ခုံတန်းဆီ ပို့ဆောင်ထားမှုနဲ့အတူ အဖိုးတန်ကျောက်မျက်ရတနာမှ မီးဖုတ်ကျောက်ဖြစ်သွားနိုင်တဲ့ အခြေအနေအပေါ် သဘောပေါက်နားလည်နေတဲ့ ကလပ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေအတွက် ထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။

ဒီအတွက် ကလပ်အသင်းတာဝန်ရှိသူတွေက ဆာဗင်ဟိုနဲ့ အရန်ခုံတန်း မိတ်ဆက်ပေးထားတဲ့ နည်းပြကို အလုပ်မှထုတ်ပယ်ခဲ့ပါတယ်။ မင်နဲရိုးမှာ ဆာဗင်ဟိုရဲ့နည်းပြဖြစ်ခဲ့ဖူးသူ Joao Paulo Alves de Puala က မန်စီးတီးကြယ်ပွင့်ရဲ့အစွမ်းအစကို မြင်တွေ့လိုက်ရပြီးနောက် အံ့အားသင့်ခဲ့ရတယ်လို့  ပြန်ပြောင်းပြောပြခဲ့ပါတယ်။

Joao Paulo Alves de Puala က “ ဆာဗင်ဟိုက ကောင်လေး ၂၀ ဦးလောက်ပါဝင်တဲ့ အုပ်စုထဲမှာ ရှိနေခဲ့ပြီး ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ တစ်ဦးတည်းသောကစားသမားလေး ဖြစ်ပါတယ်။ သူက အသက်-၁၂ နှစ်လောက်ပဲ ရှိသေးပြီး အခြားသူတွေထက် တစ်နှစ်လောက်ငယ်ပါတယ်။ ဒါပေမယ့် အခြားသူတွေကိုကျော်ပြီး အကောင်းဆုံးဖြစ်နေခဲ့ပါတယ်။

အဲ့ဒီတုန်းက အက်သလက်တီကိုမင်နဲရိုးမှာ ယူ-၁၂ အသင်းဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် သူက ဘောလုံးစကစားချိန်မှာတင် ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ပြီးတော့ သူက လူတိုင်းထက်ပိုပြီး ထင်ရှားနေခဲ့ပါတယ်။ ခြေစွမ်းစမ်းသပ်တဲ့နေ့မှာ သူ့ရဲ့ခြေစွမ်းကို မြင်တွေ့လိုက်ရချိန် ကျွန်တော် မူးလဲကျမလိုတောင် ဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့နည်းစနစ်ပိုင်းအရည်အသွေးနဲ့ အလိမ်အခေါက်စွမ်းရည်တွေက အဲ့ဒီအရွယ်ကလေးတစ်ဦးအတွက်ဆိုရင် သာမန်ထက်တောင် ထူးကဲနေပါသေးတယ်။ ဘောလုံးကို သူ့ရဲ့ခြေထောက်ထဲမှာ မြင်တွေ့ရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစေခဲ့ပါတယ်။

နောက်သုံးနှစ်အကြာမှာတော့ သူက လူရွယ်တစ်ဦးလိုပဲ ကြီးမားတဲ့ရည်မှန်းချက်နဲ့အတူ အချိန်တိုင်းမှာ ဆုံးဖြတ်ချက်တွေ ချမှတ်လာခဲ့ပါတယ်။ ဒါတွေအားလုံးကို ယုံကြည်မှုအပြည့်၊ အပြုံးတစ်ချက်တည်းနဲ့ သူလုပ်ခဲ့တာပါ။ အခုလိုအောင်မြင်မှုတွေကို ရယူဖို့ဆိုတာ ဆာဗင်ဟိုအတွက်တော့ ပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်နဲရိုး ယူ-၁၄ အသင်းဆီရောက်ရှိသွားချိန် နည်းပြကိုယ်တိုင်က သူ့ရဲ့ခြေစွမ်းကို မကြိုက်ခဲ့လို့ပါပဲ။

နည်းပြက ဆာဗင်ဟိုကို အရန်ခုံတန်းမှာပဲ ပစ်ထားခဲ့ပါတယ်။ ပွဲတော့ ကစားရပါတယ်၊ ဘယ်အစွန်ခံစစ်မှူးနေရာမှာပေါ့။ကျွန်တော်ဆို ဆံပင်တွေတောင် ထောင်သွားခဲ့ပါတယ်။ ဆာဗင်ဟိုက ဘယ်၊ညာ တောင်ပံနှစ်ခုလုံးမှာ ကစားနိုင်စွမ်းရှိပေမယ့် သူက တောင်ပံကစားသမားတစ်ဦးသာ ဖြစ်ပါတယ်။ အဲ့ဒီနည်းပြ ဘာတွေလုပ်နေခဲ့သလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မယုံကြည်နိုင်ခဲ့ပါဘူး။

အဲ့ဒီလို အမှားအယွင်းမျိုး၊ အဲ့ဒီလိုဆုံးဖြတ်ချက်မျိုးက ဆာဗင်ဟိုရဲ့ဘောလုံးသမားဘဝကို ကျရှုံးစေပြီး ကလပ်အသင်းအပေါ်လည်း အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။ ဒီလိုအတွေးအခေါ်အမှားတွေကြောင့် နည်းပြကိုယ်တိုင်လည်း အလုပ်ထုတ်ခံခဲ့ရပြီး ယူ-၁၄ အသင်းကို ကျွန်တော် ကိုင်တွယ်ခဲ့ရပါတယ်။ ဒီအချိန်မှစပြီး ဆာဗင်ဟိုရဲ့မျက်နှာမှာ အပြုံးတွေ ပြန်ရောက်ရှိလာခဲ့ပါတယ်”လို့ ပြောပါတယ်။

နောက်ပိုင်းမှာ အသက်-၁၆ နှစ်အရွယ်ရောက်ရှိလာတဲ့ ဆာဗင်ဟိုကို အာဂျင်တီးနားနည်းပြဟောင်း ဆမ်ပါအိုလီက ပွဲထွက်ခွင့်ပေးလာခဲ့ပါတယ်။ နှစ်နှစ်အတွင်းမှာပဲ City Football Group က သူ့ကို လက်မှတ်ရေးထိုးခေါ်ယူခဲ့ပါတယ်။ အစပိုင်းမှာ သူ့ကို ထရိုယက်စ်မှာ ထားခဲ့ပေမယ့် ပီအက်စ်ဗွီ၊ ဂျီရိုနာတို့ဆီ အငှားထွက်ကစားပြီးနောက် ဆာဗင်ဟိုက အီတီဟတ်ဆီ ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လအတွင်း ပေါင် ၃၃ ဒဿမ ၆ သန်းတန် သဘောတူညီမှုဖြင့် ပြောင်းရွှေ့လာခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်၊ မတ်လအတွင်း အင်္ဂလန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ကို ဆာဗင်ဟိုက လက်ရွေးစင်ကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ သူက ဘရာဇီးလက်ရွေးစင်အဖြစ် ၁၀ ပွဲအထိ ကိုယ်စားပြုထားသလို ခရစ္စမတ်ကာလအတွင်းမှာလည်း မန်စီးတီးကစားသမားဘဝအဖွင့်ဂိုးသွင်းယူခြင်းအပါအဝင် အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်လာခဲ့ပါတယ်။

ကစားသမားတွေကို ရွေးချယ်ချီးကျူးမှုပြုလုပ်လေ့မရှိတဲ့ ပက်ဂွါဒီယိုလာတောင် ဘရုဂျက်နဲ့ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်အပြီး သူ့ရဲ့ဘရာဇီးကစားသမားကို အထူးပြုချီးကျူးပြောဆိုခဲ့ပါတယ်။ Joao Paulo Alves de Puala ကလည်း စပိန်သားလက်အောက်မှာ ဆာဗင်ဟိုရဲ့စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။

Joao Paulo Alves de Puala က “ဆိုးဆိုးရွားရွားဒဏ်ရာမျိုးသာ မရရှိဘူးဆိုရင် ဘရာဇီးအသင်းက ဆာဗင်ဟိုနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်လာပါလိမ့်မယ်။ ဒီအသင်းက အပြောင်းအလဲကြီးကြီးမားမားပြုလုပ်နေပြီး ဆာဗင်ဟိုကိုယ်တိုင်လည်း သူတို့ရဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မယ်ဆိုတာ သံသယတော့ မရှိလိုက်ပါနဲ့။ သူက နည်းပြကောင်းဖြစ်တဲ့ ပက်ဂွါဒီယိုလာလက်အောက်မှာ ရှိနေပြီး ပရီးမီးယားလိဂ်နဲ့ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ကြယ်ပွင့်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်”လို့ ပြောပါတယ်။

ဆာဗင်ဟိုကိုယ်တိုင်ကလည်း ပက်ဂွါဒီယိုလာလက်အောက်မှာ အကောင်းဆုံးတိုးတက်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဘရာဇီးကြယ်ပွင့်က “ ဂျီရိုနာမှာ ကျွန်တော် ဂိုးတွေ အများကြီးသွင်းယူခဲ့ဖူးပါတယ်။ သူတို့တွေက ကျွန်တော့်ဆီ တောင်းဆိုမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒီကလပ်အသင်းမှာလည်း ပက်ဂွါဒီယိုလာက တောင်းဆိုမှုအလွန်များပြားသူ ဖြစ်ပါတယ်။ အဆုံးသတ်ပိုင်းနဲ့ပတ်သက်လို့ ကျွန်တော် လေ့ကျင့်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့တိုက်စစ်မှူး(ဟာလန်း) တစ်ဦးတည်း ဂိုးတွေအားလုံး သွင်းယူပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး”လို့ ပြောပါတယ်။