မန်ချက်စတာဒါဘီအပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခန့်မှန်းချက်ကို မပြောင်းလဲခဲ့တဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဂယ်ရီနဗီးလ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုပြိုင်ပွဲမှာ မန်စီးတီးအတွက် လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ ထင်မြင်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ အိုးထရက်ဖို့ဒ်ကွင်းမန်ချက်စတာဒါဘီပွဲစဉ်မှာ ဟာလန်းရဲ့အငြင်းပွားဖွယ်ဒုတိယပိုင်းသွင်းဂိုးနဲ့အတူ ၀-၁ ဂိုးဆိုတဲ့ ရလဒ်ဖြင့် မန်စီးတီးတို့ အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံအာဆင်နယ်နဲ့အတူ အမှတ်ပေးဇယားထိပ်မှာ အမှတ်တူ ရပ်တည်နိုင်ခဲ့ပါတယ်။
ရာသီအဖွင့်၊ လိဂ်ပွဲစဉ်လေးပွဲကစား လေးပွဲနိုင်ဆိုတဲ့ ရလဒ်ပိုင်းကြောင့် မန်ချက်စတာမြေဆီ ပြန်ရောက်လာတဲ့ မာရက်စ်ကာအတွက် အထင်ကြီးလောက်စရာရာသီသစ်စတင်မှုတစ်ခု ဖြစ်ပေမဲ့ နဗီးလ်ကတော့ မန်စီးတီးအတွက် ကြီးမားတဲ့ အင်အားဖြည့်တင်းမှုတွေ ရှိလင့်ကစား အာဆင်နယ်သာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအဆင့်မှာ ရှိနေဆဲပဲလို့ ယုံကြည်နေပါတယ်။
"အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် နှစ်ပတ်၊ သုံးပတ်လောက်အလိုအထိ မန်စီးတီးမှာ ဘူအာဒီ၊ အန်ဇိုဖာနန်ဒက်ဇ်နဲ့ အန်ဒီယာရီတို့ မရှိသေးလို့ အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်ဆိုတာ မြင်တွေ့ခဲ့ကြပါတယ်"
"ဒါပေမဲ့ သူတို့က နောက်ဆုံးအချိန်မှာ ဒီကစားသမားသုံးဦးကို ပေါင်သန်း ၂၅၀ သုံးစွဲပြီး ခေါ်ယူခဲ့လို့ အသင်းရဲ့ပုံစံတစ်ခုလုံး ပြောင်းလွဲသွားပါတယ်"
"မန်စီးတီးအတွက် အဓိကအချက်က ခံစစ်ပိုင်းအပေါ်မှာ မူတည်နေပါလိမ့်မယ်။ ဒီယက်စ် ကြံ့ခိုင်မှုပြည့်ဝနေဖို့နဲ့ ဂျီဗာဒီအော ကြံ့ခိုင်မှုပြည့်၀နေဖို့ အရေးကြီးပါတယ်"
"အကယ်၍ သူတို့သာ ဒဏ်ရာပြဿနာတွေ မကြုံတွေ့ရဘူးဆိုရင် မန်စီးတီးက အာဆင်နယ်ကို အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ အာဆင်နယ်သာ ပိုကောင်းနေဆဲပဲလို့ ယူဆထားပေမဲ့ မန်စီးတီးလည်း အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေကြောင့် အများကြီးတိုးတက်လာခဲ့တယ်ဆိုတာ မှန်ပါတယ်" လို့ ဆိုပါတယ်။