အာဆင်နယ်နဲ့ပွဲစဉ်မှာ အိမ်ကွင်းပို့မန်းရုဒ်ရဲ့စွမ်းအင်တွေ အဓိကကျလာနိုင်တယ်လို့ အစ်ဆွစ်နည်းပြအိုနေးလ် ယုံကြည်နေ
အစ်ဆွစ်တောင်းနည်းပြဂယ်ရီအိုနေးလ်က အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ဒီည၊ ကာရာဘောင်ဖလားပွဲစဉ်မှာ အိမ်ကွင်းပရိသတ်တွေဆီမှ အကျယ်လောင်ဆုံးအားပေးသံတွေ ရရှိဖို့ မျှော်လင့်နေပါတယ်။
တန်းတက်ကလပ်အသင်းဖြစ်တဲ အစ်ဆွစ်က ပရီးမီးယားလိဂ်လေးပွဲကစားပြီးချိန် နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်နဲ့အတူ ရာသီသစ်ကို အကောင်းဆုံးစတင်ထားနိုင်ပါတယ်။
အခုတော့ သူတို့က လိဂ်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် အာတီတာရဲ့ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်သွားရပါတော့မယ်။
ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အိုနေးလ်က စိတ်လှုပ်ရှားနေသလို အိမ်ကွင်းပရိသတ်တွေကိုယ်တိုင် အသင်းအနိုင်ရရှိအောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အိုနေးလ်က "အာဆင်နယ်ဆိုတာ ကိုယ့်ဘက်က အရာရာတိုင်း အကောင်းဆုံလုပ်ဆောင်နိုင်ချိန်မှာတောင် အနိုင်ယူဖို့အတွက် ခက်ခဲတဲ့ ပြိုင်ဘက်အသင်း ဖြစ်ပါတယ်" လို့ Ipswich Star ဆီ ပြောကြားခဲ့ပါတယ်။
"ကျွန်တော့်အသင်းမှာ လူစာရင်းအပြောင်းအလဲတချို့ လုပ်ဆောင်သွားပါမယ်။ အာတီတာလည်း သူ့အသင်းကို အပြောင်းအလဲတွေ လုပ်လိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒါက ကျွန်တော်တို့ အနိုင်ရချင်တဲ့ ပွဲစဉ်တစ်ခု ဖြစ်ပါတယ်"
"ကျွန်တော်တို့က ရှုံးထွက်ဖလားပြိုင်ပွဲတွေမှာ အတတ်နိုင်ဆုံး အဝေးဆုံးအဆင့်အထိ တက်လှမ်းချင်လို့ မီးရောင်စုံအောက် အိမ်ကွင်းမှာ အကောင်းဆုံး ကြိုးစားသွားပါမယ်"
"ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတစ်ခုကို လက်လွတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ ပွဲအစ ၉ မိနစ်မှာတင် ၀-၂ ဂိုး ဖြစ်နေခဲ့ပါပြီ"
"ထိပ်သီးအသင်းကြီးတစ်ခုနဲ့ရင်ဆိုင်ရချိန် မီးရောင်စုံအောက် ပို့မန်းရုဒ်ကွင်းရဲ့အားပေးမှုစွမ်းအင်ကိုအသုံးချနိုင်မယ့် အခွင့်အရေးကို လက်လွတ်သွားပေမဲ့ အင်္ဂါနေ့ပွဲစဉ်မှာတော့ ဒါကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်"
"ကျွန်တော်တို့ ပွဲကို ကောင်းကောင်းစတင်နိုင်ပါလိမ့်မယ်။ ပရိသတ်တွေကိုလည်း အတူတကွ ခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။ ပြီးတော့ လက်ရှိအချိန်မှာ အကောင်းဆုံးအသင်းတွေအနက် တစ်ခုဖြစ်တဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ ကြိုးစားသွားနိုင်ပါတယ်" လို့ ဆိုပါတယ်။