အင်္ဂလန်စတားတစ်ဦး မပါဝင်ခဲ့လို့ နားမလည်နိုင်ဖြစ်နေတဲ့ ဆွစ်ဇာလန်စတား
ဆွစ်ဇာလန်စတား ဒူအက်ချ်က အင်္ဂလန်အသင်းနဲ့ ပွဲမတိုင်ခင် ပယ်လ်မာကို ချန်လှပ်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နားမလည်နိုင်ဖြစ်မိတယ်လို့ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်ဟာ စနေနေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် အင်္ဂလန်ဟာ စွမ်းဆောင်ရည်ကောင်းတွေမပြသနိုင်ပဲ ဆွစ်ဇာလန်နဲ့ရင်ဆိုင်ရမှာက အစမ်းသပ်ခံရမယ့်ပွဲဖြစ်လာနိုင်ပါတယ်။ ဆောက်ဂိတ်တစ်ယောက် ကစားသမားရွေးချယ်ရာမှာ ပြောစရာအချက်တစ်ချက်ရှိနေပြီး ပယ်လ်မာလို ကစားသမားမျိုးကို အရန်ခုံမှာပို့ထားခဲ့တာဖြစ်ပါတယ်။
ပယ်လ်မာဟာ ဆလိုဗေးနီးယားနဲ့ပွဲမှာ လူစားဝင်မကစားခင် အဖွင့်ပွဲ ၂ ပွဲကို အရန်ခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။ ဆလိုဗက်ကီးယားနဲ့ပွဲမှာ ပယ်လ်မာတစ်ယောက် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးအတွက် ၂၇ ဂိုးသွင်း ၊ ၁၅ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ပယ်လ်မာကို ဆောက်ဂိတ်အသုံးမပြုတာနဲ့ပတ်သက်ပြီး ဆွစ်တိုက်စစ်မှူး ဒူအက်ချ်က နားမလည်နိုင်ဖြစ်နေပါတယ်။
“မှန်တာပေ့ါဗျာ။ ကျွန်တော် အင်္ဂလိပ်ဘောလုံးလောကကို ကြည့်ဖြစ်ပါတယ်။ ကျွန်တော် ချဲလ်ဆီးရဲ့အမာခံပရိသတ်တစ်ဦးပါ။ ကျွန်တော်အားအကျရဆုံး ကစားသမားက ဒရော့ဘာပါ။ ပယ်လ်မာက ပြီးခဲ့တဲ့ရာသီတုန်းက အရမ်းကောင်းခဲ့ပါတယ်။ သူဘာကြောင့် ပါဝင်ခွင့်မရလဲဆိုတာ ကျွန်တော်တွေးမိပါသေးတယ်။ ဘာလို့လဲဆိုတော့ သူ့အချက်အလက်တွေက တကယ်ကောင်းလွန်းနေတာပါ။ အခုအပတ်မှာ သူပါဝင်လာမလား စောင့်ကြည့်ရပါမယ်”လို့ ဒူအက်ချ်က ပြောကြားခဲ့ပါတယ်။
အသက် ၂၂ နှစ်သားဟာ ညာတောင်ပံမှာ ပါဝင်လာဖွယ်ရှိနေပြီး ဆာကာက ဘယ်နောက်ခံလူအဖြစ် ကစားဖွယ်ရှိနေပါတယ်။ ဆောက်ဂိတ်က အာဆင်နယ်စတားဟာ သူ့အတွေ့အကြုံအရ အဆိုပါနေရာမှာ ကစားနိုင်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ကစားသမားတွေက မတူညီတာတွေရှိပါတယ်။ ၂ ဦးစလုံးက ဘယ်ခြေကစားသမားတွေပါ။ ဆာကာက ဘယ်နောက်ခံလူနေရာအတွက် ပိုအဆင်ပြေပါတယ်။ ကိုးလ်ကတော့ အထိုင်ကျဖို့ ရုန်းကန်ရဦးမှာပါ။ ကစားသမား ၂ ဦးစလုံးရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် ကျေနပ်ပါတယ်။ ၂ ဦးစလုံးကလည်း မတူညီတာတွေပေးစွမ်းနိုင်ပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။