The network connection is lost.
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့နည်းပြအဲရစ်တန်ဟက်ကို ထုတ်ပယ်တော့မယ့် အရိပ်အယောင်တွေပြသခဲ့ပေမယ့် ယခုအခါမှာတော့ နောက်ထပ်တစ်ရာသီ ဆက်လက်ကိုင်တွယ်ခွင့်ပြုသွားမှာဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာသာရပ်တည်ခဲ့ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးရပ်တည်မှုဖြစ်ခဲ့ပေမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရခဲ့တာကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေက ရာသီကုန်သုံးသပ်မှုပြန်လည်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ ၂ နှစ်တာဖြတ်သန်းခဲ့တဲ့ တန်ဟက်ဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။
၂၀၂၃-၂၄ ရာသီမှာ တန်ဟက်ဟာ ယူနိုက်တက်နဲ့အတူ ခက်ခဲတဲ့ရာသီကို တွေ့ကြုံခဲ့ရပြီး ရာသီအစ ၁၅ ပွဲမှာတင် ၈ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၆၂-၆၃ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးသော ရာသီစတင်မှုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဖိအားတွေများလာတဲ့ တန်ဟက်ဟာ နောက်ပိုင်းမှာ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကနေလည်း စောစောစီးစီးနှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။