The network connection is lost.

Banner Image

အသင်းခေါင်းဆောင်ရာထူးကြောင့် ပုံမှန်ထက် ပိုတာဝန်ရှိတယ်လို့ ခံစားရကြောင်း ဖာနန်ဒက်စ်ဖွင့်ဟ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ထားရတာကြောင့် အသင်းဖော်တွေအတွက် အမြဲတမ်းစိတ်ပူနေရကြောင်းနဲ့ အရင်ကထက် တာဝန်ပိုကြီးလာတယ်လို့ခံစားရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ယခု ၂၀၂၅-၂၆ ဘောလုံးရာသီအစမှာပဲ ဖာနန်ဒက်စ်ဟာ အနိမ့်အမြင့်အတက်အကျမျိုးစုံနဲ့ ကြုံတွေ့ထားခဲ့ရပြီဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟာ ဖူလ်ဟမ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အရေးပါတဲ့ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် ဘန်လေနဲ့ပွဲစဉ်မှာတော့ ပွဲပြီးကာနီးမှာ ပင်နယ်တီမှတစ်ဆင့် အနိုင်ဂိုးကိုသွင်းယူပြီး ပရိသတ်အချစ်တော်ဖြစ်ခဲ့ပြန်ပါတယ်။

သို့သော်လည်း အဆိုပါဘန်လေနဲ့ပွဲစဉ်မတိုင်မီမှာတော့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာ စတုတ္ထတန်းကလပ် ဂရင်းစ်ဘီတောင်းကိုအရေးနိမ့်ပြီး ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ထားခဲ့ရပါတယ်။ယခုအခါမှာတော့ ဖာနန်ဒက်စ်က သူ့အနေနဲ့ အသင်းခေါင်းဆောင်တာဝန်ကိုယူထားရတာကြောင့် အသင်းအတွက်မကစားရရင်တောင်မှ ကစားနေရသလိုခံစားရပြီး ကွင်းပြင်ပကနေ အော်ဟစ်ပြောဆိုနေမိကြောင်း ပြောကြားလာခဲ့ပါတယ်။

ပေါ်တူဂီသားက "ကျွန်တော် အသင်းအတွက်မကစားရတဲ့အချိန်တွေမှာ ပိုပြီးတော့ စိတ်ပူမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အသင်းဖော်တွေအတွက် စိုးရိမမလို့ပါ။ သူတို့အဆင်မပြေတာမျိုး၊ တစ်ခုခုကို ပြောင်းလဲလုပ်ဆောင်ဖို့ ကြိုးစားနေတာမျိုးနဲ့ အဲဒါတွေက မဖြစ်မြောက်လာတဲ့အခါ ကျွန်တော်အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် အိမ်က‌နေ တီဗွီနဲ့ ကြည့်နေရရင်တောင် ငြိမ်ငြိမ်မနေနိုင်ပါဘူး။ ပွဲထဲမှာရှိနေသလိုပဲ အော်ဟစ်ဆူညံနေမိပါတယ်။ ပွဲတိုင်းမှာ ကျွန်တော် စိတ်လှုပ်ရှားနေတယ်။ အဲဒီလို စိတ်လှုပ်ရှားမှုမျိုးက အပြုသဘောဆောင်ပါတယ်။ ဘယ်ပဲရောက်နေနေ ပွဲထဲမှာ ကျွန်တော် ပါဝင်ပတ်သက်ချင်ပါတယ်။ လူက တခြားနေရာရောက်တခြားနေရာရောက်နေရင်တောင် စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော့်ခေါင်းက အမြဲတမ်းအလုပ်လုပ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးကို အီတီဟတ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာနိုင်ပွဲဆက်သွားမလား စောင့်ကြည့်ရပါမယ်။