
တော့တင်ဟမ်ပစ်မှတ်ဆာဗင်ဟိုကို မန်စီးတီးမှာပဲ ဆက်မြင်တွေ့ရလိမ့်မယ်လို့ သတင်းထွက်ပေါ်
တော့တင်ဟမ်ပစ်မှတ်ဆာဗင်ဟိုက အပြောင်းအရွှေ့ကာလနောက်ဆုံးရက်မှာလည်း မန်စီးတီးနဲ့အတူ ဆက်ရှိနေလိမ့်မယ်လို့ ESPN ရဲ့သတင်းရင်းမြစ်တွေဆီမှ သိရပါတယ်။ မန်စီးတီးက အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် တော့တင်ဟမ်နဲ့သဘောတူညီမှုရရှိဖို့ ငြင်းဆိုထားပြီး ဘရာဇီးတောင်ပံကစားသမားကို အခုဘောလုံးရာသီ၊ အီတီဟတ်မှာပဲဆက်ရှိနေစေဖို့ လိုလားနေပါတယ်။
မန်စီးတီးက ဆာဗင်ဟိုကို အသင်းမှာဆက်ထိန်းထားဖို့ အစဉ်အမြဲလိုလားတယ်လို့ ESPN နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ ဒါကြောင့် တော့တင်ဟမ်ရဲ့မျှော်လင့်ချက်တွေက အသက်-၂၁ နှစ်အရွယ်ကစားသမားရဲ့ အသင်းပြောင်းရွှေ့လိုတဲ့ဆန္ဒအပေါ်မှာသာ မူတည်လာခဲ့ပါတယ်။
ဆာဗင်ဟိုကို တော့တင်ဟမ်ဆီ လက်လွှတ်လိုက်ရမယ်ဆိုရင် မန်စီးတီးက ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ရိုဒရီဂိုအတွက် လှုပ်ရှားမှုတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်နိုင်ခြေက လက်တွေ့အကောင်အထည်ပေါ်လာဖို့ အတော်လေးဝေးကွာနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ဂျီရိုနာမှ ပြောင်းရွှေ့လာပြီးနောက် ဆာဗင်ဟိုက အင်္ဂလန်မြေအဖွင့်ဘောလုံးရာသီမှာ အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
သူက ပရီးမီးယားလိဂ် ၂၉ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၄၈ ပွဲကစားကာ သုံးဂိုးသွင်းယူခဲ့ပါတယ်။ လတ်တလောမှာတော့ ဆာဗင်ဟိုက ဒဏ်ရာကြောင့် မန်စီးတီးအသင်းမှာ မပါဝင်နိုင်သေးပါဘူး။ ဒါပေမဲ့ အခုသီတင်းပတ်ကုန်၊ ဘရိုက်တန်နဲ့အဝေးကွင်းပွဲစဉ်အတွက် ဘရာဇီးသားပြန်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အခုလအစောပိုင်းမှာလည်း ပက်ဂွါဒီယိုလာက လူငယ်ကြယ်ပွင့်အပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။
စပိန်သားနည်းပြက “ ဒီနေ့အတွက် ကျွန်တော် အလေးထားနေရတဲ့ တစ်ခုတည်းသောကိစ္စက ဆာဗင်ဟိုကို ဘောလုံးရာသီတစ်ခုလုံး ကျွန်တော်တို့နဲ့အတူ ရှိနေသွားဖို့ပဲ ဖြစ်ပါတယ်။ နောင်နှစ်ပေါင်းများစွာအထိလည်း ကျွန်တော်တို့နဲ့အတူ ရှိနေသွားဖို့ မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်-၂၁ နှစ်အရွယ်မှာပဲ သူပိုင်ဆိုင်ထားတဲ့ အလားအလာကောင်းတွေ၊ ကစားခဲ့ရတဲ့ မိနစ်တွေနဲ့အတူ ဆုံးဖြတ်ချက်အပိုင်းမှာသာ တိုးတက်လာမယ်ဆိုရင် ဆာဗင်ဟိုက သာမန်ထက်ထူးကဲတဲ့ကစားသမား ဖြစ်လာနိုင်လို့ပါ”လို့ ပြောပါတယ်။