The network connection is lost.

Banner Image

ဆာကာကို ဘယ်နောက်ခံနေရာသို့ ပို့ခဲတဲ့အကြောင်းအရင်းကို ရှင်းပြလာတဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ယမန်နေ့ညက ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ အသင်းရဲ့တောင်ပံကစားသမား ဘူကာယိုဆာကာကို ဘယ်နောက်ခံနေရာသို့ပို့ပြီး ကစားစေခဲ့တာကြောင့် ဝေဖန်ခံနေရသော်လည်း ယခုအခါမှာတော့ ဘာကြောင့် ဒီလိုပုံစံနဲ့ကစားစေခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

ဆလိုဗက်ကီးယားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အင်္ဂလန်ဟာ ခြေစွမ်းပိုင်း အတော်လေးညံ့ဖျင်းခဲ့ပြီး မိနစ် ၉၀ ကျော်အထိ ၁-၀ နဲ့ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ သို့သော် ပွဲကစားချိန် ၉၀+၅ မိနစ်မှာတော့ ကွင်းလယ်လူ ဘယ်လင်ဟမ်က လှပတဲ့ဘိုင်စကယ်ကန်ချက်နဲ့အတူ ချေပဂိုးပြန်လည်သွင်းယူပေးခဲ့လို့ အချိန်ပိုထိ အသက်ဆက်နိုင်ခဲ့ပါတယ်။ 

အချိန်ပိုမှာတော့ အင်္ဂလန်အတွက် အနိုင်ဂိုးကို အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် ယခုအခါမှာတော့ ဆောက်ဂိတ်ရဲ့အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ဆွစ်ဇာလန်နဲ့ ထိပ်တိုက်တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။ 

အင်္ဂလန်ရဲ့အဓိကဘယ်နောက်ခံလူ လုခ်ရှောက ယခုအထိမပါဝင်နိုင်သေးတာကြောင့် နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ကီရန်ထရစ်ပီယာကို တောက်လျှောက်အသုံးပြုနေခဲ့သော်လည်း ထရစ်ပီယာက ညာသန်ကစားသမားဖြစ်တာကြောင့် ပုံစံကောင်းရဖို့ရုန်းကန်ရလေ့ရှိပါတယ်။ ဒါကြောင့် အဆိုဘယ်နောက်ခံနေရမှာ ဆာကာအနေနဲ့ ပါဝင်ကစားရနိုင်ချေရှိတဲ့အကြောင်းကို ဆောက်ဂိတ်က ပြိုင်ပွဲမစခင်ကတည်းက ပြောကြားထားပြီးဖြစ်ပါတယ်။ 

သို့သော်လည်း ဘယ်နောက်ခံနေရာမှာကစားရနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေအပေါ် အာဆင်နယ်ကြယ်ပွင့်ကတော့ “ကျွန်တော့်ကို ပုံမှန်နေရာကနေ ဖယ်ပြီး အခြားနေရာကိုပို့တာက အဖြေမဟုတ်ပါဘူး” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ညက ပွဲကစားချိန် ၆၆ မိနစ်မှာ ထရစ်ပီယာကို ထုတ်ပယ်လိုက်ပြီးနောက်မှာတော့ ဆောက်ဂိတ်က ကိုးလ်ပယ်မာကို ထည့်သွင်းပြီး ဆာကာကို ဘယ်နောက်ခံသို့ပို့ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဆောက်ဂိတ်က “ကျွန်တော်တို့အနေနဲ့ ဆာကာကို ဘယ်နောက်ခံကိုပို့လိုက်တာက တိုက်စစ်ထွက်ပေါက်တစ်ခုပေါ်လာစေတယ်လို့ထင်ပါတယ်။ ဒီလိုလုပ်ခဲ့တာ ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါ။ ဒီညပွဲမှာ ကစားသမားတွေရဲ့သတ္တိက အံ့မခန်းပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဆောက်ဂိတ်က ဘယ်လင်ဟမ်နဲ့ ဟယ်ရီကိန်းတို့ကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ်ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်မှာ သူ့ရဲ့လူစားလဲမှုတွေက ထိရောက်မှုရှိခဲ့တယ်လို့ ချေပလာခဲ့ပါတယ်။ ဆောက်ဂိတ်က “ဂိုးသွင်းထားတဲ့ ကစားသမား ၂ ယောက်ကို ၁၅ မိနစ်ကျန်မှ လူစားလဲတာက မှန်ကန်ပါတယ်။ ကစားသမားတွေကို အပြောင်းအလဲလုပ်တဲ့နေရာမှာ အသင်းနဲ့န်ချက်ညီအောင်ထိန်းထားဖို့လည်းလိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဖြစ်ဖြစ်မြောက်မြောက်တိုးတက်စေချင်တယ်ဆိုရင်တော့ အပြောင်းအလဲလုပ်ရမှာပါပဲ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့လုပ်ခဲ့တဲ့ လူစားလဲမှုတိုင်းက အသင်းအတွက် အကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ထင်ပါတယ်။ ဒါက အသင်းရဲ့တန်ဖိုးကို ပြသသလိုဖြစ်ပြီး ကစားသမားတိုင်းက အဆင်သင့်ဖြစ်နေတယ်ဆိုတာလည်း သိသာစေပါတယ်” လို့ပြောကြားခဲ့ပါတယ်။