The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ၂၇.၇ ရာခိုင်နှုန်းကို ဆာဂျင်မ်ရက်ကလစ် ပိုင်ဆိုင်ခဲ့ပြီလို့ အတည်ပြုထုတ်ပြန်

မန်ချက်စတာယူနိုက်တက်က အသင်းရဲ့တစ်စိတ်တစ်ပိုင်းကို ပေါင် ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ဝယ်ယူခဲ့တဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ၂၇.၇ ရာခိုင်နှုန်းပိုင်ဆိုင်မှုဟာ ယခုအခါမှာ တရားဝင်ဖြစ်ခဲ့ပြီလို့ အတည်ပြုချက်ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်အပြီးမှာ ရက်ကလစ်ဖ်က “မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါ။ ဒီတာဝန်က ကြီးကျယ်ပါတယ်။ အရောင်းအဝယ်ပြီးသွားပေမယ့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အတွက် အသင်းကို အင်္ဂလန်၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးထိပ်တန်းကိုပြန်လည်မြှင့်တင်ဖို့က အခုမှစတင်မှာ ဖြစ်ပါတယ်။ ရည်မှန်းချက်တွေအောင်မြင်ဖို့ ဒီနေ့ကစပြီး အရှိန်မြှင့်လုပ်ဆောင်တော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အမှုဆောင်တွဲဖက်ဥက္ကဌဂျိုးလ်ဂလေဇာကလည်း “ကျွန်တော်တို့အနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ကို ကြိုဆိုပါတယ်။ အသင်းအတွက် တောက်ပတဲ့အနာဂတ်ကို ဖော်ဆောင်နိုင်ဖို့ အနီးကပ်လက်တွဲလုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရေနံဓာတုပစ္စည်းနဲ့အတူ ဘီလီယံနာဖြစ်လာတဲ့ ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူ့ရဲ့ ဝယ်ယူမှုကို ကနဦးကြော်ငြာခဲ့ပြီးမကြာခင်မှာပဲ ပြောင်းလဲမှုတွေကို သိသိသာသာပြုလုပ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလက ယူနိုက်တက်ဟာ ကြီးမားတဲ့လုပ်ဆောင်ချက်အဖြစ် မန်ချက်စတာစီးတီးမှ အိုမာဘာရာဒါကို အသင်းရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် ယခုအခါမှာ ရက်ကလစ်ဖ်ဟာ အသင်းရဲ့ အားကစားဒါရိုက်တာနေရာကို အပြောင်းအလဲလုပ်ဖို့အတွက် နယူးကာဆယ်မှ ဒန်အက်ရှ်ဝေါ့သ်ကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတွေပြုလုပ်နေပြီဖြစ်ပြီး နယူးကာဆယ်ကတော့ နည်းပြရဲ့စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင်သန်း ၂၀ အထိ တောင်းဆိုထားတာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးလည်းဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ အသင်းရဲ့တိုးတက်ရေးကို အမှန်တကယ်ရှေးရှုထားပုံပေါ်နေပြီး အသင်းရဲ့ဘောလုံးဆိုင်ရာလုပ်ငန်းအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။