The network connection is lost.

Banner Image

လီဗာပူးမှာ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ ကြီးမားတဲ့အခွင့်အရေးရှိနေကြောင်း ပြောကြားလာတဲ့ နစ္စတယ်ရွိုင်း

သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် လက်စတာနည်းပြ ဗန်နစ္စတယ်ရွိုင်းက ဒီရာသီ လီဗာပူးမှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကြီးကြီးမားမားရှိနေကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် လီဗာပူးဟာ တစ်ပွဲလျော့အနေအထားနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၇ မှတ်အထိ ဖြတ်တောက်ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ နစ္စတယ်ရွိုင်းက “ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကဗိုလ်စွဲမယ်ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ဖို့ အရမ်းခက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဘာတွေဖြစ်ခဲ့လဲ ကျွန်တော်တို့ မြင်တွေ့ထားခဲ့ရတာပဲမဟုတ်လား။ ဒါပေမယ့် အခုလီဗာပူးရဲ့တည်ငြိမ်မှုကိုမြင်တွေ့ရတော့ သူတို့မှာ ဒီဖလားကိုဆွတ်ခူးနိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေးရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်”

“ကျွန်တော်တို့မှာ ပြိုင်ဘက်တိုင်းကို ဘယ်လိုချဉ်းကပ်ကစားမယ်ဆိုတဲ့ အစီအစဉ်တွေရှိပါတယ်။ ဒီပွဲမှာလည်း အဲဒီအစီအစဉ်အတိုင်းပဲကစားခဲ့ပြီး ကစားသမားတွေကလည်း တာဝန်ကျေခဲ့ကြပါတယ်။ ဒါပေမယ့် အန်ဖီးလ်ဆိုတာ ကျွန်တော်တို့ပုံမှန်အမှတ်ရနိုင်တဲ့နေရာမဟုတ်ပါဘူး။ ဒါပေမယ့် အခြားပွဲစဉ်တွေမှာတော့ ကျွန်တော်တို့လိုအပ်သလောက် အမှတ်တွေယူသွားနိုင်ဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာလက်စတာဟာ ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး အဆိုပါကန်ချက်နဲ့ပဲ လီဗာပူးဘက်ကို ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း လီဗာပူးအတွက် ချေပဂိုးကို ကိုဒီဂတ်ပိုက လှလှပပကန်သွင်းခဲ့သလို ကာတစ်ဂျုံးစ်နဲ့ မိုဟာမက်ဆာလက်တို့က အနိုင်ဂိုးတွေ ကိုယ်စီသွင်းယူပေးခဲ့ကြတာကြောင့် နစ္စတယ်ရွိုင်းတစ်ယောက် အန်ဖီးလ်မှာ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ 

ဆက်လက်ပြီး နစ္စတယ်ရွိုင်းက “ဒီကွင်းကိုလာကစားရပြီဆိုရင် အစကောင်းနေမှဖြစ်ပါမယ်။ ပွဲအစမှာ ကျွန်တော်တို့ကစားချင်တဲ့ပုံစံအတိုင်း ကစားခွင့်ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခံစစ်ပိုင်းက တည်ငြိမ်မှုမရှိခဲ့ပါဘူး။ ၁-၀ ဆိုတဲ့အခြေအနေမှာ ပွဲကိုထိန်းချုပ်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက်က လီဗာပူးဖြစ်နေပါတယ်။ ဒီလိုအသင်းမျိုးမှာ အန္တရာယ်ရှိတဲ့ကစားသမားတွေ အများကြီးရှိနေလို့ ဂိုးမပေးရဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်” လို့ပြောကြားခဲ့ပါတယ်။