ယူနိုက်တက်နည်းပြဘဝက အလွန်ခက်ခဲကြမ်းတမ်းကြောင်း ဝန်ခံလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူနိုက်တက်ကိုကိုတွယ်ခဲ့တဲ့ ၁ လကျော်ကြာအချိန်ဟာ သူ့ရဲ့နည်းပြသက်တမ်းတစ်လျှောက် အခက်ခဲအကြမ်းတမ်းဆုံးကာလဖြစ်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ နိုဝင်ဘာလမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာအထိကျဆင်းသွားခဲ့ပြီးနောက် အဲရစ်တန်ဟက်ကိုထုတ်ပယ်ပြီး အာမိုရင်ကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဘဝ အစပိုင်းမှာပဲ အာမိုရင်ဟာ အိုးလ်ထရက်ဖို့ဒ်မှာအသားကျဖို့အတော်လေးရုန်းကန်ခဲ့ရပြီး ပထမဆုံး ၁၁ ပွဲမှာတင် ၆ ပွဲအထိရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ ယခုအခါမှာတော့ ပေါ်တူဂီသားနည်းပြက “ယူနိုက်တက်နည်းပြဘဝက ကျွန်တော့်နည်းပြဘဝတစ်လျှောက် အခက်ခဲဆုံးပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အရမ်းကောင်းတဲ့အတွေ့အကြုံတွေလည်းရခဲ့ပါတယ်။ အကြွေစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ”
“ဒီအသင်းကိုကိုင်တွယ်ရင် အခက်ခဲတွေကြုံရမယ်ဆိုတာ ကျွန်တော်သိထားခဲ့ပါတယ်။ စိတ်လှုပ်ရှားမှုတွေနဲ့လည်း ကြုံတွေ့ရမယ်ဆိုတာ သိခဲ့ပါတယ်။ ဒီအသင်းမှာ နားချိန်ဆိုတာမရှိပါဘူး။ ရှုံးပွဲတွေကြုံတွေ့လာပြီးနောက်ပိုင်းမှာ ရှုပ်ထွေးမှုတွေ နည်းနည်းများလာခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ အာမိုရင်ဟာ မကြာသေးမီက ဘရိုက်တန်ကို ၁-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဒေါသအိုးပေါက်ကွဲပြီး လက်ရှိယူနိုက်တက်ဟာ ကလပ်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးအသင်းဖြစ်တယ်လို့လည်း ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့ဖူးပါတယ်။ အဆိုပါပွဲစဉ်နောက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၂ ပွဲဆက်အနိုင်ရခဲ့ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင်က “အခုလက်ရှိအသင်းရဲ့ ပရီးမီးယားလိဂ်ရပ်တည်မှုကို ကျွန်တော်ဂရုမစိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းက ဇယားထိပ်ပိုင်းမှာရှိမနေလို့ပါ။ ဒါကြောင့် ရပ်တည်မှုတွေကိုမကြည့်ဘဲ အသင်းဘာတွေလုပ်နေလဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်။ အသင်းက စိတ်ပျက်မှုတွေ၊ ဒေါသတွေနဲ့ရောထွေးနေပေမယ့် ဘယ်နေရာကိုသွားရမလဲဆိုတာတော့ ကောင်းကောင်းသိကြပါတယ်။ ရှုံးပွဲတွေကြုံတွေ့နေရချိန် ပရိသတ်တွေရဲ့အားပေးမှုကလည်း ကျွန်တော်တို့လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်ဆိုတာ သတိပေးသလိုပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ယခုတစ်ပတ်အစောပိုင်းမှာတော့ အာမိုရင်ဟာ အသင်းရဲ့စူပါစတားတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ရက်ရက်စက်စက်ပြောခဲ့ပါသေးတယ်။ ပေါ်တူဂီသားက သူ့အနေနဲ့ အသင်းအတွက်ပေးဆပ်လိုစိတ်မရှိတဲ့ ကစားသမားကို ပွဲထုတ်မယ့်အစား အသင်းရဲ့ အသက်-၆၃ နှစ်အရွယ် ဂိုးနည်းပြဂျော့ဂျ်ဗီတယ်လ်ကိုသာ ပွဲထုတ်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အာမိုရင်ဟာ အသင်းမှာပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကတ်စ်မဲရိုးနဲ့ပတ်သက်ပြီး “ကတ်စ်မဲရိုးအတွက် ကမ်းလှမ်းမှုတွေ လက်ခံရရှိထားတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ သူက ပွဲအကြောင်းကို ကောင်းကောင်းနားလည်တဲ့ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့ လက်ရှိအချိန်မှာ ပြည်တွင်းရော ဥရောပပွဲတွေပါကစားနေရပါတယ်။ ဒီလိုပြိုင်ပွဲတွေမှာ ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝနေဖို့လိုပါတယ်။ ကတ်စ်မဲရိုးရဲ့အရည်အသွေးကို ကျွန်တော်တို့သိပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေကလည်း မယုံနိုင်စရာပါ။ ဒါပေမယ့် အသင်းရဲ့ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက်အရ ဘယ်ကစားသမားက ကစားခွင့်ရမယ်ဆိုတာ ကျွန်တော်တို့သိရမှာပါ” လို့ပြောကြားခဲ့ပါတယ်။